သက်တံ့
၆. ၁၁. ၂၀၂၆
ဉာဏ်ရည်တု နည်းပညာ (AI) ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်လာနိုင်ခြေ စိုးရိမ်မှုများကြောင့် နည်းပညာစတော့ရှယ်ယာများ ထိုးဆင်းသွားပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ထရီလီယံပေါင်းများစွာ လျော့ပါးသွားခဲ့ရာ၊ အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သော စတော့အိတ်ချိန်း (Wall Street) ၏ ပြင်းထန်သော စတော့ဈေးကွက် ထိုးဆင်းမှုကို ဒီမိုကရက်တစ်ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှုများကြောင့်ဟု အပြစ်တင်လိုက်သည်။
Nasdaq Composite ညွှန်းကိန်း (နည်းပညာနှင့် အခြား တိုးတက်မှုမြင့် စတော့ကုမ္ပဏီ ၃,၀၀၀ ကျော်ကို စုစည်းထားသည့် ညွှန်းကိန်း) သည် ၅ ဒသမ ၅၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ၂၄,၃၁၅.၀၀ ဖြင့် စျေးပိတ်ခဲ့ရာ အောက်တိုဘာလတွင် စံချိန်တင်ခဲ့သော အမှတ်များထက် ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သဖြင့် ပြင်ဆင်မှုနယ်ပယ် (Correction territory) သို့ ရောက်ရှိသွားခဲ့သည်။ S&P 500 ညွှန်းကိန်း (စီးပွားရေးကဏ္ဍပေါင်းစုံမှ အမေရိကန် ထိပ်သီးကုမ္ပဏီ ၅၀၀ ၏ စတော့ဈေးကွက်ညွှန်းကိန်း) သည် ၄.၃၆ ရာခိုင်နှုန်း လျော့ကျကာ ၇,၃၅၃.၇၃ ဖြင့် စျေးပိတ်ခဲ့ပြီး Dow Jones Industrial Average ညွှန်းကိန်း (အမေရိကန် စီးပွားရေးကို ဦးဆောင်နေသည့် အဓိက ကုမ္ပဏီကြီး ၃၀ ၏ စတော့ဈေးကွက်ညွှန်းကိန်း) သည် ၁,၈၃၃.၀၆ အမှတ် (သို့မဟုတ် ၃.၄၄ ရာခိုင်နှုန်း) အထိ လျော့ကျကာ ၅၁,၅၂၃.၀၆ သို့ ရောက်ရှိသွားခဲ့သည်။
ယခု ကျဆင်းမှုများသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ထရမ့်၏ ကျယ်ပြန့်သော ပို့ကုန်ခွန် အခွန်တိုးမြှင့်မှု ကြေညာချက်များကြောင့် ဖြစ်ပေါ်ခဲ့သော ဈေးကွက်လှုပ်ခတ်မှု နောက်ပိုင်း အဓိက ညွှန်းကိန်းများအတွက် အဆိုးရွားဆုံး ရလဒ်များ ဖြစ်သည်။ ထို့ပြင် ယင်းသည် ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သော စတော့ဈေးကွက် မြင့်တက်မှု အကျိုးအမြတ်များကိုလည်း ပြန်လည်ပျက်ပြယ်သွားစေခဲ့သည်။
စတော့ဈေးကွက် ဆုံးရှုံးမှုများကို ဒီမိုကရက်များ အနိုင်ရရှိမှုနှင့် ထရမ့်ပ် ဆက်စပ်ဖော်ပြ
Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သော ပို့စ်တစ်ခု၌ ထရမ့်ပ်က စတော့ဈေးကွက် ကျဆင်းမှုကို ဒီမိုကရက်များက အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် ထိန်းချုပ်ခွင့် ပြန်လည်ရရှိခဲ့သည့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ရလဒ်များကြောင့်ဟု ပြောခဲ့သည်။
“ရွေးကောက်ပွဲ ရလဒ်တွေပေါ် မူတည်ပြီး စတော့ဈေးကွက်ဟာ သမိုင်းမှာ အဆိုးရွားဆုံးနေ့တွေထဲက တစ်နေ့ကို ကြုံတွေ့ခဲ့ရပါတယ်” ဟု ထရမ့်ပ်က ရေးသားခဲ့ပြီး အဆိုပါ ဆုံးရှုံးမှုများကို “ကြည့်ရှုရတာ တကယ်ကို ဝမ်းနည်းစရာပါပဲ!” ဟု ဖော်ပြခဲ့သည်။
ထို့အပြင် ၎င်းက အမေရိကန်ပြည်သူများ၏ အငြိမ်းစားစုဆောင်းငွေများအပေါ် သက်ရောက်မှုကိုလည်း ထောက်ပြလျက် “ဒါကြောင့် မင်းတို့ရဲ့ 401(k) အငြိမ်းစားစုဆောင်းငွေတွေ လျော့ကျသွားခဲ့တာပါ။ မှတ်ထားပါ၊ ဒါဟာ ရီပတ်ဘလစ်ကန်တွေကြောင့် မဟုတ်ဘူး၊ ဒူမိုကရက် (Dumocrats- ဒီမိုကရတ်ပါတီကို တုံးအသောပါတီအဖြစ် လှောင်ပြောင်သောစကား) တွေကြောင့်ပါ” ဟု ရေးသားခဲ့သည်။
သို့သော် သမ္မတက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိတ်လန့်တကြား မဖြစ်ကြရန် တိုက်တွန်းခဲ့ပြီး စတော့ဈေးကွက်များသည် “တစ်ခါမျှ မကြုံဖူးအောင် ပိုမိုကြီးမားပြီး သန်မာလာမည်” ဟု ခန့်မှန်းပြောကြားခဲ့သည်။
အင်္ဂါနေ့နှောင်းပိုင်းတွင် ဒီမိုကရက်များက အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အောက်လွှတ်တော်ကိုပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း Associated Press က ခန့်မှန်းဖော်ပြခဲ့ပြီးနောက် ထရမ့်ပ်၏ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းကြောင့် အတိုက်အခံပါတီသည် ထရမ့်ပ်၏ ကျန်ရှိသော သမ္မတသက်တမ်းအတွက် ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့သည်။
AI စတော့များ ဘာကြောင့် စတော့ရောင်းထုတ်မှုကို ဦးဆောင်ခဲ့သလဲ
ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီးနောက် ရင်းနှီးမြှုပ်နှံသူများသည် ဉာဏ်ရည်တု နည်းပညာ (AI) ဆိုင်ရာ အသုံးစရိတ် မျှော်မှန်းချက်များကို ပြန်လည်သုံးသပ်ခဲ့ကြသဖြင့် နည်းပညာကဏ္ဍသည် ကျဆင်းမှု၏ ဒဏ်ကို အဓိက ခံခဲ့ရသည်။
ဒီမိုကရက်များ ဦးဆောင်မည့်လွှတ်တော်က ဒေတာစင်တာ အသစ်များအပေါ် ထိန်းချုပ်ကန့်သတ်မှုများကြောင့် AI စက်မှုလုပ်ငန်းကို ထောက်ပံ့ပေးနေသည့် အခြေခံအဆောက်အအုံ တိုးချဲ့မှုများ နှောင့်နှေးသွားနိုင်ခြေ ရှိသည်ဆိုသည့် အချက်ပေါ်တွင် ဈေးကွက်၏ စိုးရိမ်ပူပန်မှုများ ဗဟိုပြုခဲ့သည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ကုမ္ပဏီများသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည့် အထဲတွင် ပါဝင်ခဲ့သည်။ Nvidia ရှယ်ယာများသည် ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး Broadcom သည် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့သည်။ Philadelphia Semiconductor ညွှန်းကိန်းသည် ၁၂ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့သည်။
ဒေတာစင်တာ တည်ဆောက်ရေးနှင့် ဆက်စပ်နေသော နည်းပညာနှင့် အခြေခံအဆောက်အအုံ ကုမ္ပဏီများဖြစ်သည့် Meta၊ Amazon နှင့် Alphabet တို့သည်လည်း စတော့များ ပြန်လည်ရောင်းထုတ်သည့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဗုဒ္ဓဟူးနေ့က ရင်းနှီးမြှုပ်နှံသူများသည် ဒေတာစင်တာ အသုံးစရိတ် နှေးကွေးသွားနိုင်ခြေကို နည်းပညာကုမ္ပဏီများအတွက် မတည်ငွေကြေး သုံးစွဲမှုကို လျှော့ချရန်နှင့် အမြတ်အစွန်း ပိုမိုကောင်းမွန်စေရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသဖြင့် စတော့ဈေးကွက် မြင့်တက်ခဲ့သော်လည်း၊ ကြာသပတေးနေ့တွင် သဘောထား ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့သို့ ရောက်သောအခါ ကန့်သတ်ချုပ်ချယ်မှုများသည် AI ဝန်ဆောင်မှုများကို ဖန်တီးရာတွင် လိုအပ်သည့် ချစ်ပ်များ၊ ကွန်ပျူတာစနစ်များနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကိုပါ နှေးကွေးသွားစေနိုင်သည့် အန္တရာယ်အပေါ် ကုန်သည်များက ပိုမိုအာရုံစိုက်လာခဲ့ကြသည်။
ထို့ကြောင့် ဒေတာစင်တာ တည်ဆောက်ရေး နှေးကွေးသွားခြင်းသည် စက်မှုလုပ်ငန်းတစ်လျှောက် အကျိုးသက်ရောက်မှု အမျိုးမျိုး ရှိလာနိုင်ပြီး အဓိက နည်းပညာကုမ္ပဏီကြီးအချို့အတွက် သုံးစွဲမှုဖိအားများကို သက်သာစေနိုင်သော်လည်း၊ ၎င်းတို့၏ စက်ပစ္စည်းနှင့် အခြေခံအဆောက်အအုံ ပံ့ပိုးပေးသူများအတွက်မူ အော်ဒါမှာယူမှုများကို လျော့ကျသွားစေနိုင်သည်။
စတော့အိတ်ချိန်းသည် ရွေးကောက်ပွဲအပြီး ရရှိခဲ့သော အကျိုးအမြတ်များကို ပြန်လည်လက်လွှတ်ခဲ့ရ
ဗုဒ္ဓဟူးနေ့က Dow ညွှန်းကိန်းသည် ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်း အသန်မာဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး S&P 500 နှင့် Nasdaq တို့လည်း တိုးတက်မှု ရရှိခဲ့သော်လည်း၊ ကြာသပတေးနေ့တွင် အရှိန်အဟုန်ဖြင့် ပြန်လည်ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ကြာသပတေးနေ့၏ ပြောင်းပြန်ကျဆင်းမှုကြောင့် Nasdaq သည် လတ်တလော စံချိန်တင် အမှတ်များမှ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ကျဆင်းမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပြင်ဆင်မှုနယ်ပယ် (Correction territory) အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
Reuters ၏ ဖော်ပြချက်အရ စတော့များ ရောင်းထုတ်မှုကြောင့် S&P 500 ကုမ္ပဏီများ၏ စုစုပေါင်း ဈေးကွက်တန်ဖိုးမှ ဒေါ်လာ ၃ ထရီလီယံခန့် လျော့ပါးသွားခဲ့သည်ဟု သိရသည်။
ဒီမိုကရက်များ ထိန်းချုပ်လိုက်နိုင်ခြင်းက ဝါရှင်တန်၏ နိုင်ငံရေးမညီမျှမှုကို ပြောင်းလဲစေခဲ့
Associated Press ၏ ရွေးကောက်ပွဲ ခန့်မှန်းချက်များအရ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များသည် ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ခွင့် ရရှိခဲ့သည်။
ဒီမိုကရက်များ မဲအများစု ရရှိသွားခြင်းက စုံစမ်းစစ်ဆေးမှုများနှင့် ကြားနာပွဲများမှတစ်ဆင့် ထရမ့်အစိုးရအဖွဲ့အပေါ် ကွန်ဂရက်လွှတ်တော်၏ စိစစ်မှုကို ပိုမိုတိုးမြှင့်နိုင်စေမည်ဖြစ်ပြီး ဥပဒေပြုရေးနှင့် သမ္မတ၏ အရာရှိခန့်အပ်မှုများအပေါ် ပါတီ၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။
နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် လတ်တလော မရေရာမှုမှာ ကွန်ဂရက်လွှတ်တော်၏ ထိန်းချုပ်မှုအသစ်သည် AI ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ဒေတာစင်တာ တည်ဆောက်ရေးတို့ကို ထိခိုက်စေမည့် အရေးယူဆောင်ရွက်မှုများအဖြစ် သက်ရောက်လာမည်လား ဆိုသည့်အချက် ဖြစ်သည်။
အစီရင်ခံစာများတွင် ဖော်ပြထားသော ကွန်ဂရက်လွှတ်တော်၏ သီးခြား ကန့်သတ်ချုပ်ချယ်မှုအသစ်များ အတည်မဖြစ်မီ စတော့များ ရောင်းထုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဈေးကွက်၏ တုံ့ပြန်မှုသည် AI ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် လျော့ကျသွားခြင်းထက် ဖြစ်ပေါ်လာနိုင်သည့် မူဝါဒ အပြောင်းအလဲများဆိုင်ရာ မျှော်လင့်ချက်များကို ပေါ်လွင်စေခဲ့ခြင်းဖြစ်သည်။
Ref: Statesman