Voice of Myanmar

ကျောက်မဲမြို့နယ်မှာ ပရဟိတကားသုံးပြီး ကန့်သတ်ချက်ရှိတဲ့ ကုန်တွေ သယ်ဆောင်မှုရှိလာလို့ ဒေသခံတွေ စိုးရိမ်

နိုဝင်ဘာ ၇၊ ၂၀၂၆

Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်မှာ ပရဟိတလုပ်ငန်းနဲ့ ဆက်စပ်သူ လူနည်းစုက ပရဟိတကားတွေကို အသုံးပြုပြီး ကုန်သွယ်ရေးဆိုင်ရာ လိုင်စင်ကန့်သတ်ချက်ရှိတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေရှိလာလို့ ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပရဟိတကားနဲ့ ၅၁ ကုန်တွေ တင်နေတာ။ ကြားထဲက တကယ်ပရဟိတစစ်စစ် လုပ်တဲ့သူတွေပါ နာမည်ပျက်ကုန်မှာ စိုးရိမ်တယ်” လို့ ပရဟိတလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပရဟိတကားတွေနဲ့ ကားမောင်းသူတွေအပြင် သူတို့နဲ့ ဆက်စပ်သူတွေက ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ အသုံးပြုနေကြတာကြောင့် ပရဟိတလုပ်ငန်းတွေရဲ့ ပုံရိပ်ကို ထိခိုက်လာနိုင်တယ်လို့ သူက ပြောပါတယ်။

“တခြားမြို့က ရိုးရိုးသားသားလုပ်နေတဲ့ ပရဟိတအသင်းတွေရဲ့ ပုံရိပ်ကို ထိခိုက်လာရင် အရေးပေါ်လူနာပို့တဲ့ လမ်းကြောင်းတွေမှာ အစစ်ဆေးတွေ ကြမ်းပြီး လူနာတွေ ဒုက္ခရောက်နိုင်တယ်” လို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။

“၅၁ ကုန်” ဆိုတာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ကို အစွဲပြုပြီး ခေါ်ဆိုကြတာဖြစ်ပြီး ပို့ကုန်တင်ပို့ရာမှာ လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အဲဒီအမိန့်ကြော်ငြာစာအရ ပို့ကုန်လိုင်စင်လျှောက်ထားရမယ့် ကုန်စည်အမျိုးအစား ၁,၂၂၄ လိုင်း သတ်မှတ်ထားခဲ့ပေမယ့် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) ကို ထပ်မံထုတ်ပြန်ခဲ့ပြီး လိုင်စင်လျှောက်ထားရမယ့် ကုန်စည်လိုင်း ၁,၅၅၆ လိုင်းအဖြစ် ပြန်လည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ကုန်ပစ္စည်းတစ်မျိုးမျိုး တင်ပို့ရာမှာ လိုင်စင်လိုအပ်မှုရှိ၊ မရှိကို အရင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအပေါ်သာ အခြေခံဆုံးဖြတ်လို့မရဘဲ နောက်ဆုံးပြင်ဆင်ထုတ်ပြန်ထားတဲ့ HS Code နဲ့ ပို့ကုန်လိုင်စင်ဆိုင်ရာ သတ်မှတ်ချက်တွေအပေါ် မူတည်ပြီး စစ်ဆေးဖို့ လိုအပ်ကြောင်း သိရပါတယ်။

ပို့ကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်ဖြစ်ရုံနဲ့ တားမြစ်ကုန် ဒါမှမဟုတ် တရားမဝင်ကုန်စည်လို့ တစ်ထစ်ချ သတ်မှတ်လို့မရဘဲ ကုန်စည်အမျိုးအစား၊ သက်ဆိုင်ရာ HS Code နဲ့ လိုင်စင်ဆိုင်ရာ စည်းမျဉ်းတွေကို ခွဲခြားစစ်ဆေးဖို့ လိုအပ်ပါတယ်။

ပရဟိတယာဉ်တွေကိုလည်း လူနာသယ်ယူပို့ဆောင်ရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာသာ အသုံးပြုသင့်ပြီး အဲဒီယာဉ်တွေကို အသုံးပြုပြီး စည်းမျဉ်းချိုးဖောက်တဲ့ ကုန်သယ်ယူမှုတွေ ရှိ၊ မရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စိစစ်အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

Photo Crd#

မူရင်းသတင်း — Voice of Myanmar