Eleven Media Group

■မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

■နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃) အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ယနေ့အစည်းအဝေးသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပြီး ပထမအကြိမ် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

မိမိတို့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့် အညီ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည် ချက်ထားပြီး အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးကို မြင့်မားလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေ ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြား သည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်များ သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ပြည်သူများ အလုပ်အကိုင်ရရှိစေရေး၊ ကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ တိုးပွားလာစေရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရေးအတွက် အထူးစီးပွားရေးဇုန်များကို အောင်မြင် အောင် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက အမှာစာများကိုတင်ပြကြရာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေး တင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group