
နေပြည်တော် နိုဝင်ဘာ ၇
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ရရှိသည့် ဘဏ္ဍာရန်ပုံငွေနှင့် ရန်ပုံငွေ အသုံးပြုခဲ့မှုတို့ကို တစ်ခုချင်းစီအလိုက် ပြန်လည်စိစစ်သုံးသပ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ရရှိလာသည့် ဘဏ္ဍာငွေများကို အသေးစိတ်စိစစ်၍ လေလွင့်ဆုံးရှုံးမှုများ မရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲရန်လိုကြောင်း၊ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ (HRPS)ကို ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအား သတ်မှတ်အချိန်ဇယားများအတိုင်း အောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မိမိတို့ဘက်က ဖြည့်ဆည်းပေးရမည့် စက်အရန်ပစ္စည်းလိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်က မှာကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အစည်းအဝေးခန်းမ၌ စက်ရုံမှူးကစွန့်ပစ်အပူသုံး ဓာတ်အားပေးအလုပ်ရုံ (HRPS) လည်ပတ်နိုင်ရေးအတွက် ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ၂၀၂၆-၂၀၂၇ နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီးက ယင်းသို့မှာကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS)သို့ သွားရောက်၍ Generator ၏ ဝင်ရိုးများရှိ စိုထိုင်းဆကို လျှပ်စစ်အပူပေး၍ ဖယ်ရှားရှင်းလင်းနေမှု၊ Turbine & Generator တပ်ဆင်မည့် အောက်ခံနေရာတွင် မြှုပ်နှံမည့်သံမဏိပြားများ တပ်ဆင်ရန်ပြင်ဆင်နေမှု၊ ဘွိုင်လာတွင် အသုံးပြုမည့်ရေရရှိနိုင်ရေး ဓာတုနည်းစဉ်အသုံးပြု ဆောင်ရွက်နေမှုတို့ကို ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတွင် Generator တပ်ဆင်မည့်အောက်ခံနေရာတွင် မြှုပ်နှံမည့်သံမဏိပြားများအား မျက်နှာပြင်ညီညာမှုရှိစေရေး အချောသတ်စက်ခုတ်စားနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် စက်ရုံ ဧည့်ခန်းမဆောင်၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ခံများ၊ အင်ဂျင်နီယာပိုင်း ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကြီး (အချိန်ပြည့်)၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) မှ ကိုယ်စားလှယ်၊ Integrated Energo Development Co.,Ltd. (IED Holding) မှ စီမံကိန်းအင်ဂျင်နီယာ၊ စီမံကိန်းမန်နေဂျာတို့နှင့်တွေ့ဆုံ၍ စွန့်ပစ်အပူသုံး ဓာတ်အားပေးအလုပ်ရုံ (HRPS)တွင် အဆင့်လိုက်စက်တပ်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေ၊ စက်အရန်ပစ္စည်းလိုအပ်ချက်၊ တွေ့ကြုံနိုင်မည့်အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်