
ရန်ကုန် နိုဝင်ဘာ ၇
MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ်(၁၈) ပွဲစဉ်များကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF ဖူဆယ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယား (၂)နေရာမှ MIU FC အသင်းက JV FC အသင်းကို ကိုးဂိုး သုံးဂိုးဖြင့် နိုင်ပွဲထပ်မံရရှိကာ အဆင့်(၁)နေရာသို့ တက်ရောက်နိုင်ခဲ့သည်။
အပတ်စဉ်(၁၇)အပြီး အဆင့်(၁)နေရာ၌ ရပ်တည်ခဲ့သည့် Pacific Sun Far အသင်းက ယနေ့ပွဲစဉ်တွင် YRG FC အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အဆင့်(၂)နေရာသို့ တန်းဆင်းခဲ့ရသည်။ အခြားပွဲစဉ်များတွင် YCDC Dream Team အသင်းက ရွှေပြည်သာယူနိုက်တက်ကို ၁၃ ဂိုး လေးဂိုး၊ Gold Dream အသင်းက မင်္ဂလာဒုံစီးတီး အသင်းကို ၁၄ ဂိုး ဂိုးမရှိ၊ United City အသင်းက Burmese Warriors အသင်းကို ရှစ်ဂိုး နှစ်ဂိုး၊ ULAD FC အသင်းက Royal Noka အသင်းကို ရှစ်ဂိုး တစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။
အပတ်စဉ်(၁၈) ပွဲစဉ်များအပြီးတွင် MIU FC ၄၉ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး Pacific Sun Far နှင့် YRG FC ၄၆ မှတ်စီ၊ YCDC Dream Team ၃၈ မှတ်၊ Gold Dream ၃၆ မှတ်၊ ULAD FC ၃၀ မှတ်၊ United City ၂၁ မှတ်၊ JV FC ၂၀ မှတ်၊ Royal Noka ၁၈ မှတ်၊ ရွှေပြည်သာယူနိုက်တက် ၁၁ မှတ်၊ မင်္ဂလာဒုံစီးတီး ၃ မှတ်နှင့် Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။
နေမျိုး၊ ဓာတ်ပုံ-MFF