
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့်မေးခွန်းပုံစံများ စနစ်တကျ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့်မေးခွန်းပုံစံများ စနစ်တကျ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်ကြားရေးနှင့်စပ်လျဉ်း၍ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ(Workshop)များ ကျင်းပ၍ သင်ကြားရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဝေးသင်စနစ်သင်ကြားရေးတွင် ဝိဇ္ဇာဘာသာရပ်များ အတွက်(Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်တင်သွင်းရမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို ကျောင်းသို့ လူကိုယ်တိုင် လာရောက်အတန်းတက်ရောက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဝေးသင်ကျောင်းသား ကျောင်းသူများ အနီးကပ်သင်တန်း သင်ကြားပို့ချနေမှု၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဘောလုံးအားကစားကွင်း အကြီးစားပြင်ဆင်နေမှု၊ မီတာ ၄၀၀ ပြေးလမ်း ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်အဝေးသင်တက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူနေမှုအခြေအန ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။