
ရန်ကုန်၊ နိုဝင်ဘာ ၈
ဆေးတက္ကသိုလ် - မန္တလေးမှ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာတင်ထွန်းသည် ၆-၁၁-၂၀၂၆ ရက်နေ့က တွေ့ဆုံပြီး ဆေးပညာသင်ကြားရေးလုပ်ငန်းများ တိုးတက်စေရေး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံ၍ ဆေးရုံသန့်ရှင်းသာယာရေး၊ ဆေးကုသမှုအရည်အသွေး ကောင်းမွန်စေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ စနစ်တကျအသုံးပြု နိုင်ရေးတို့ကိုမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ကလေးကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်စေရေးအတွက် လိုအပ်ချက်များ မေးမြန်းဆွေးနွေးပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး - မန္တလေး၌ ကလေးသွေးရောဂါနှင့် ကင်ဆာဌာန၊ ကျောက်ကပ်ရောဂါကုဌာနများ အဆောင်ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရေးအတွက် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ သူနာပြုသိပ္ပံ(မန္တလေး)၌ သွားရောက်ကာ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်းများ (Skill Lab)၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
#News #Myanmar
