Eleven Media Group

မော်လမြိုင်မြို့ မော်လမြိုင်-မုဒုံကားလမ်းတွင် မီနီအိုးဝေတစ်စီးက တွဲကားနောက်ပိုင်းအား ဝင်တိုက်မိပြီး နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ

မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအနီး မော်လမြိုင် - မုဒုံ ကားလမ်းတွင် မီနီအိုးဝေတစ်စီးက လမ်းဘေးတွင် ရပ်ထားသည့်တွဲကားနောက်ပိုင်းအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၇ ရက် ည ၉ နာရီခန့်က ရခိုင်ကုန်းဈေးဘက်မှ ကြာအင်းကျေးရွာရှိ ဗညားဒလအိမ်ရာဘက်သို့ ဇော်ကုန်းကျေးရွာနေ ယာဉ်မောင်း မင်းကျော်ဝင်းဆိုသူ မောင်းနှင်ပြီး နောက်တွင် ထူးမြတ်မောင်၊ အောင်သူ၊ အောင်ဖြိုးဇင် တို့လိုက်ပါလာသည့် မီနီအိုးဝေယာဉ်မှာ မော်လမြိုင်-မုဒုံကားလမ်းအတိုင်း မောင်းနှင်လာစဉ် ကြာအင်းကျေးရွာရှိ 3B ရေကူးကန်အနီး လမ်းဘေးတွင်ရပ်ထားသော တွဲကား၏နောက်ပိုင်းအား အရှိန်မထိန်း နိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် မီနီအိုး‌ဝေယာဉ်မောင်းဖြစ်သူ အသက် ၅၈ နှစ်အရွယ် မင်းကျော်ဝင်းနှင့် အသက် ၂၀ အရွယ် ထူးမြတ်မောင်ဆိုသူတို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး "မီနီအိုးဝေယာဉ်မောင်းက ခေါင်းခန်းထဲညပ်ပြီး သေဆုံးနေလို့ ဆွဲထုတ်ခဲ့ရပါတယ်။ ကျန်ရှိတဲ့ အသက် ၃၀ အရွယ် အောင်သူနှင့် အသက် ၁၈ နှစ်အရွယ် အောင်ဖြိုးဇင်တို့ နှစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြလို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ပေး လိုက်ရပါတယ်" ဟု ပြောကြားသည်။

မီနီအိုးဝေပေါ်လိုက်ပါလာကြသူများမှာ ဖားအောက်ကျေးရွာအုပ်စု ရိုးဂိုးကျေးရွာရှိ ဆန်စက်မှ အလုပ်သမားများ ဖြစ်သည်ဟု သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မုပွန်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Photo Credit - အနာဂတ်လူမှုကူညီကယ်ဆယ်ရေးအသင်း (မော်လမြိုင်)

မူရင်းသတင်း — Eleven Media Group