၉.၁၁.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်မှာ ကျင်းပမှာဖြစ်တဲ့အတွက် အနုပညာရှင်တွေနဲ့ စေတနာရှင်တွေက ရန်ကုန်မြို့၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ လာရောက်လှူဒါန်းပေးနေကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲပြီးတာနဲ့ ကထိန်အတွက် ကျွန်တော်တို့အစည်းအရုံးက စီစဉ်ပြီး ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပါတယ်။ ထုတ်လုပ်သူတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တွေ၊ လောကသားတွေနဲ့သရုပ်ဆောင်တွေက ဝိုင်းဝန်းပြီးထောက်ပံ့ကူညီကြတယ်။ အခုဆိုရင်လည်း ပဒေသာပင်သီးမယ်ဆိုရင် ပဒေသာပင်က အနည်းဆုံး ၂ သိန်းတော့ဖြစ်မှကောင်းမယ်ဆိုတော့ အသီးသီးလာရောက်လှူဒါန်းကြပါတယ်။ အခုတင်ကို လာရောက်လှူဒါန်းတာ သိန်း ၅၀ ကျော် ၁၀၀ နီးပါးလောက်တော့ရှိနေပါပြီ။ ပါဝင်လှူဒါန်းကြသူတွေကို ကျေးဇူးလည်း တင်ပါတယ်။ စေတနာသဒ္ဒါတရားထက်သန်သူတွေအနေနဲ့လည်း ပါဝင်လှူဒါန်းလို့ ရပါတယ် ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးကြည်စိုးထွန်းက MT Entertainment ကိုပြောပါတယ်။




အဆိုပါ မဟာဘုံကထိန်အတွက်အကယ်ဒမီ ထွန်းထွန်းနဲ့ဇနီးတိုက အလှူငွေကျပ် ၇ သိန်း၊ သရုပ်ဆောင် စည်ဖြိုးဇနီးခင်လွှမ်း မိသားစုက အလှူငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင် စိုင်းစည်တွမ်းခမ်းက အလှူငွေကျပ် ၇ သိန်း၊ သရုပ်ဆောင် ဆုအိမ့်စံက ငွေကျပ် ၁၀ သိန်း၊ အကယ်ဒမီဖွေးဖွေးက ငွေကျပ် ၇ သိန်း၊ အကယ်ဒမီမယ်လိုဒီနဲ့ သားလေးသိဒ္ဓိစစ်က ငွေကျပ် ၁၀ သိန်း၊ ဒါရိုက်တာအောင်ချမ်းလူက အလှူငွေကျပ် ၅ သိန်း၊ ဒါရိုက်တာပီပီအဏ်က ငွေကျပ် ၃ သိန်း၊ သရုပ်ဆောင် မိုးယံဇွန်က အလှူငွေကျပ် ၃ သိန်း၊ အကယ်ဒမီ ဝတ်မှုံရွှေရည်က ငွေကျပ်သိန်း ၅၀၊ သရုပ်ဆောင်မိုးဟေကိုက ကျပ်သိန်း ၃၀၊ သရုပ်ဆောင် ယဉ်လတ်တို့ ဇနီးမောင်နှံက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၊ မင်းသမီးကြီး ဒေါ်ပုလဲက အလှူငွေ ကျပ် ၅ သိန်း၊ သရုပ်ဆောင်မြယာက အလှူငွေ ကျပ် ၁ သိန်း၊ သရုပ်ဆောင်ဂန္တဝင်က အလှူငွေ ကျပ် ၁ သိန်း၊ သရုပ်ဆောင်လှမျိုးသဥ္ဇာနွယ် (ရွှေပိုးထည်တိုက်)က အမျိုးသမီးဝန်ထမ်း ၁၀ ဦးအတွက် တူညီဝတ်စုံ ၁၀ စုံ၊ သရုပ်ဆောင်ယွန်းဝင့်လွှာအောင်က ကျပ် ၅ သိန်း၊ သရုပ်ဆောင် မြတ်ရတနာကျော်က အလှူငွေ ကျပ်သိန်း ၅၀၊ Trust Double9 သောက်ရေသန့် မိသားစုက ကျပ် ၅ သိန်း၊ CB Bank က အလှူငွေကျပ်သိန်း ၃၀၀ စတဲ့ ထုတ်လုပ်ရေးနဲ့အတူ စေတနာရှင်အလှူတွေကလည်း လာရောက်လှူဒါန်းလျက်ရှိတာလည်း ဖြစ်ပါတယ်။




လာမယ့် နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနဲ့ ရေစက်သွန်းချ အလှူတော်မင်္ဂလာပွဲကိုကျင်းပပြီး ရေစက်သွန်းချ အမျှပေးဝေမှာဖြစ်ပါတယ်။ ဒါပြင် နေ့လယ် ၂ နာရီမှာ ဗဟန်းမြို့နယ် ဗိုလ်ချို (၁) ရပ်ကွက် ငါးထပ်ကြီးဘုရားလမ်း၊ အင်းကြင်မြိုင်အိမ်ရာအနီးရှိ အောင်မြေသုခ ကျောင်းတိုက်ကို ပဒေသာပင်တွေ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
#ဦးကြည်စိုးထွန်း #UKyiSoeTun #၂၂ကြိမ်မြောက် #ဘုံကထိန် #စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ #ရေစက်သွန်းချ #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #MMPA #MTEntertainment



