Myanmar Transparency News

အွန်လိုင်းလိမ်လည်မှုများအားဖော်ထုတ်ပြီး ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုရန်၊ အဂတိလိုက်စားမှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများ ဖော်ထုတ်နိုင်ကြောင်း မှုခင်းဖြစ်စဉ်များဖော်ပြရန်၊ ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား စုံစမ်းစစ်ဆေး၊ တရားစွဲဆိုခြင်းနှင့် နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း ဆောင်ရွက်ရန်နှင့် ကျန်ရှိနေသည့် Action Plan နှစ်ချက်အား FATF နှင့် APJG ၏ လိုလားချက်များနှင့် ကိုက်ညီစေရေးလာမည့်လေးလတာကာလအတွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

သက်တံ့
၁၀. ၁၁. ၂၀၂၆

အွန်လိုင်းလိမ်လည်မှုများအားဖော်ထုတ်ပြီး ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုရန်၊ အဂတိလိုက်စားမှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများ ဖော်ထုတ်နိုင်ကြောင်း မှုခင်းဖြစ်စဉ်များဖော်ပြရန်၊ ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား စုံစမ်းစစ်ဆေး၊ တရားစွဲဆိုခြင်းနှင့် နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း ဆောင်ရွက်ရန်နှင့် ကျန်ရှိနေသည့် Action Plan နှစ်ချက်အား FATF နှင့် APJG ၏ လိုလားချက်များနှင့် ကိုက်ညီစေရေးလာမည့်လေးလတာကာလအတွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ပြင်သစ်နိုင်ငံပါရီမြို့တွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (ICRG) အစည်းအဝေးနှင့်ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ငွေကြေးခဝါချမှုနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းထားရှိမှုအခြေအနေများအားလည်းကောင်း၊ ကျန်ရှိသည့် Action Plan နှစ်ခုအပေါ် တိုးတက်ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအား နိုင်ငံတော်အဆင့် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ဆွေးနွေးခဲ့ကြောင်း ​ပြောကြားသည်။

ထို့အပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်နည်းပညာအကူအညီပေးရေးကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ခရီးစဉ်ကာလအတွင်း FATF ဥက္ကဋ္ဌနှင့်လည်းကောင်း၊ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia-Pacific Joint Group-APJG) တွဲဖက်သဘာပတိနှင့်လည်းကောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသုံးသပ်ရေးအဖွဲ့ (ICRG)နှင့်လည်းကောင်း၊ APG အဖွဲ့နှင့်လည်းကောင်း ညှိနှိုင်းအစည်းအဝေးများပြုလုပ်ပြီး အစည်းအဝေးတွင်ဆွေးနွေးချက်များအရ အွန်လိုင်းလိမ်လည်မှုများအားဖော်ထုတ်သွားရန်၊ ယင်းပြစ်မှုများနှင့်ဆက်နွှယ်၍ ငွေကြေးခဝါချမှုဖြင့် ဆက်လက်စုံစမ်းစစ်ဆေးတရားစွဲဆိုသွားရန်၊ အဂတိလိုက်စားမှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား ဖော်ထုတ်နိုင်ကြောင်းမှုခင်းဖြစ်စဉ်များဖြင့်ဖော်ပြရန်၊ လက်ငင်းရလဒ် ၇ ဒသမ ၁ နှင့်ပတ်သက်၍ ဆုံးရှုံးနိုင်ခြေမြင့်မားသည့်မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုများအား စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း ဆောင်ရွက်ရန်နှင့်ကျန်ရှိနေသည့် Action Plan နှစ်ချက်အား FATF နှင့် APJG ၏ လိုလားချက်များနှင့် ကိုက်ညီစေရေးလာမည့်လေးလတာကာလအတွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့်မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဆွေးနွေးသည်။

ယင်းနောက်လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည့်တပ်ဖွဲ့မှူး၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့ ရဲမှူးချုပ်ဇော်လင်းထွန်းက မြန်မာနိုင်ငံ၏ (၁၉) ကြိမ်မြောက် တိုးတက်မှုအစီရင် ခံစာနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းအဖွဲ့ဝင်များက Action Plan များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးသက်ထွန်းအောင်နှင့် ဒေါက်တာစန္ဒာဦး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ဥပဒေရေးရာနှင့် မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News