
၉.၁၁.၂၀၂၆
Written by Linn Eain
ပို့ကုန်တင်ပို့သူများအနေဖြင့် ပြည်ပမှပို့ကုန်ရငွေ သတ်မှတ်ချက်အတိုင်း ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေစာဘဏ်ရင်းတွင် ထားရှိခွင့်ရက် (၃၀) အစား (၄၅) ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားငွေဖြင့် ယင်းတို့၏ ဘဏ်ငွေစာရင်းသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ – ခ တွင် ပြဋ္ဌာန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၆.၈.၂၀၂၂ ရက်စွဲပါ စာအမှတ်၊ အက်ဖ်အီး-၁/ ပက/၁၉၅၆ ဖြင့် ပို့ကုန်ရငွေအား ပုဂ္ဂလိက နိုင်ငံခြားငွေစာရင်းတွင် ရက် (၃၀) ထားရှိခွင့်ကို သတ်မှတ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏအား ဘဏ်စာရင်းတွင်ထားရှိနိုင်သည့် ရက်ကို တိုးမြှင့်ပေးခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ ပြည်ပသို့ငွေပေးချေခြင်းများကို ဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်ရရှိရန်၊ ပို့ကုန်၊ သွင်းကုန် အတွက် နိုင်ငံခြားငွေလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင် သုံးစွဲနိုင်မည့်ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင်ထားရှိနိုင်သည့်ရက် (၃၀) အစား (၄၅) ရက်အထိ တိုးမြှင့်ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။