
၁၀၂၇ ဟု အမည်ခဲ့သော နယ်မြေချဲ့ထွင်ရေး စစ်ပွဲများအတွင်း ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာ ရှမ်းမြောက်ဒေသက ဘာသာစကားလွှမ်းမိုးမှုဒဏ်ကို ရင်ဆိုင်ခဲ့သည်။ ဘာသာစကား စာပေယဉ်ကျေးမှုများအပေါ် ဖိအားဒဏ်သက်ရောက်ခဲ့ပြီး နောက်ပိုင်း ရှမ်းတိုင်းရင်း သားပြည်သူလူထုက မခံမရပ်နိုင်ဖြစ်လာခဲ့ကြသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တိုင်းရင်းသားလူထု၏ အခြေခံရပိုင်ခွင့်နှင့် စာပေယဉ်ကျေးမှုများအ ပေါ်၊ MNDAA ဖိအားပေးဆောင်ရွက်နေခြင်းအပေါ် ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက် သွားမည်ဟု ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)က သတိပေးထုတ်ပြန်မှုဖြင့် စတင်ခဲ့သည်။ ထို့အပြင် MNDAA သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် သတ်မှတ်ကာ အများပြည်သူဆိုင်ရာ နေရာများ၌ အတင်းအကျပ် သုံးစွဲခိုင်းနေကြောင်း SSJAC က ထောက်ပြခဲ့သည်။
ဆက်လက်၍ ဘိုးဘွားစဉ်ဆက် သုံးစွဲလာခဲ့သည့် မြို့၊ ရွာအမည်များနှင့် လမ်းဆိုင်းဘုတ်များကို ဒေသခံယဉ်ကျေးမှုနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာစကားများဖြင့် အတင်းအကျပ် ပြောင်းလဲခိုင်း နေပြီး ယင်းလုပ်ရပ်များကို ဆန့်ကျင်သည့် ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့သည်။ စစ်ရေးအခြေအနေများအရ အုပ်ချုပ်ရေးယန္တရား အစားထိုးလည်ပတ်ခြင်းကို လက်ခံနိုင်သော်လည်း လက်ရှိ MNDAA ၏ လုပ်ရပ်များသည် ဒေသခံလူထု၏ မူလအခွင့်အရေးနှင့် စာပေယဉ်ကျေးမှုများကို လုံး၀ချိုး ဖောက်နေခြင်းဖြစ်ကာ ယခုအတိုင်း ဆက်လက်လျစ်လျူရှုထားပါက လိုအပ်သည့် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ပြင်းထန်သော တုံ့ပြန်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု SSJAC က သတိပေးခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အပြီး အောက်တိုဘာ ၂၇ ရက်တွင် MNDAA က ဘာသာစကားနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ MNDAA အနေဖြင့် ဒေသခံများအား မသက်ဆိုင်သည့် ဘာသာစကားကို အတင်းအကျပ် သုံးစွဲစေခြင်းမရှိဘဲ မြန်မာဘာသာကို မိခင်ဘာသာစကားအဖြစ် သင်ကြားပေးလျက်ရှိပြီး တရုတ်စာကို မသင်မနေရမဟုတ်ဘဲ ဒေသခံများ၏ သဘောဆန္ဒအလျောက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ နိုင်ငံခြားသားများအား မြေယာပိုင်ဆိုင်ခွင့် ပြုထားခြင်းမရှိဘဲ အထူးဒေသ (၁) မှတ်ပုံတင်ကိုင်ဆောင်ထားသူများ သို့မဟုတ် မြန်မာနိုင်ငံသားများသာလျှင် တရားဝင်မြေယာပိုင်ဆိုင်ခွင့် ရှိကြောင်းနှင့် သမိုင်းဝင် မြို့ရွာအမည်များကို အတင်းအကျပ် ပြောင်းလဲခြင်းမရှိဘဲ မူလအမည်များအတိုင်းသာ ဆက်လက်ခေါ်ဝေါ်အသုံးပြုနေပြီး ဒေသခံ ကိုးကန့်လူမျိုးများ အုပ်ချုပ်သည့် ဒေသအချို့တွင် အုပ်ချုပ်ရေးယန္တရား လွယ်ကူချောမွေ့စေရန် ကိုးကန့်ဘာသာစကားဖြင့် တွဲဖက်ခေါ် ဝေါ်ခြင်းသာ ရှိကြောင်း ငြင်းဆိုထားသည်။
ထို့အပြင် မှားယွင်းသော စွပ်စွဲချက်များကို အကြောင်းပြု၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်သည့် မည်သည့် နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုနှင့် နှောင့်ယှက်မှုမျိုးကိုမဆို ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ ကွယ်သွားမည်ဖြစ်ပြီး သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သော အကျိုးဆက် များ အားလုံးအပေါ် SSJAC ဘက်မှ အပြည့်အ၀ တာဝန်ခံရမည်ဖြစ်ကြောင်း MNDAA က တုံ့ပြန်ခဲ့သည်။ ယင်းသို့ လူမျိုးစုနှစ်ခုအကြား တင်းမာမှုက ရှမ်းမြောက်ဒေသကို အာရုံစိုက်မှုရလာစေခဲ့သည်။ ထို့ကြောင့် ရှမ်းမြောက်ဒေသ MNDAA အဖွဲ့၏ လှုပ်ရှားမှုများကို ဂရုပြုလေ့လာမိသည်။
အောက်တိုဘာ ၂၈ ရက်က ကိုးကန့်သတင်း ကွန်ရက်က လောက်ကိုင်ဆေး၊ သူနာပြုနှင့် ကျန်းမာရေး သိပ္ပံတက္ကသိုလ် (LUMNHS) ၏ သူနာပြုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပသည့် သတင်းကို ထုတ်ပြန်ခဲ့သည်။ သတင်းထုတ်ပြန်ချက်တွင် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော ULA/AA? PSLF/ TNLA ? SSPP/SSA ? KNDF တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ရှမ်းတိုင်း ရင်းသားများနှင့် MNDAA တို့အကြား တင်းမာနေစဉ် SSPP/SSA က မဟာမိတ်အဖြစ် တက်ရောက်ခြင်းအပေါ် ဝေ၀ဖန်သံများ ထွက်ပေါ်နေခဲ့သည်။
အဆိုပါ သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား သတင်းထုတ်ပြန်ချက်တွင် ပါရှိသော ထူးခြားချက်များကို ၎င်းတို့ ထုတ်ပြန်ချက်အတိုင်းဖော်ပြလိုသည်။ သို့မှသာ ဆိုလိုရင်းကို အတိအကျ အဓိပ္ပာယ်ဖော် နိုင်မည်ဖြစ်သည်။ ထုတ်ပြန်ချက်တွင် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ အထွေထွေအတွင်းရေး မှူးချုပ် ဦးထွန်းမြတ်လင်းဆိုသူက '၁၀၂၇ စစ်ဆင်ရေး'အတွက် မိခင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည် ရရှိစေရန် အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်များ၊ မိသားစုများနှင့် ပြည်သူအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုများကို အလေးအနက် ဦးညွှတ်အမှတ်ရ ဂုဏ်ပြုကြောင်း၊ စစ်ရေးအောင်မြင်မှုသည် အစပျိုး ခြေလှမ်းမျှသာဖြစ်ပြီး စစ်မှန်သော အုပ်ချုပ်ရေးစွမ်း ဆောင်ရည်မှာ ပြည်သူလူထုအတွက် ဂုဏ်သိက္ခာရှိသော လူမှုဘဝများရရှိစေရန် တည်ဆောက်ပေးခြင်း ပေါ်တွင်သာ မူတည်ကြောင်း"ပြောဆိုခဲ့သည်။ အဆိုပါ ပြောဆိုချက်က စစ်ရေးအရအောင်မြင်မှုဖြင့် နယ်မြေအုပ်ချုပ်ရေးကို စတင်နေသည်ဟူသော စကားရပ်ကို ပေါ်ပေါ် ထင်ထင် ပြောဆိုခဲ့ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် နယ်မြေတစ်ခုကို စိတ်ကြိုက်စီမံခန့်ခွဲခြင်းလား ဟု မေးခွန်းထုတ်စရာ ဖြစ်လာ သည်။ ထို့အပြင် LUMNHS သူနာပြုကျောင်းအုပ်ကြီး ဆိုသူကလည်း "ယခင်က ကျားဖျန့်လိမ်လည်မှု လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အခြေအနေဆိုးကို MNDAA/MNTJP နှင့် ပြည်သူများ၏ စွမ်းအားဖြင့် အပြီးတိုင်ဖျက် သိမ်းနိုင်ခဲ့ပြီး 'အန္တရာယ်ရှိသော စနစ်ဆိုးကို ကုစားပြီးနောက် သာယာဝပြောသောစနစ်ဆီသို့ (Harm to Healing)' ဟူသော ခံယူချက်ဖြင့် ကျားဖျန့်အဆောက်အအုံများကို ပြည်သူ့ အကျိုးပြု အခြေခံအဆောက်အအုံအဖြစ် ပြောင်းလဲအသုံးချခဲ့ရာ ဤတက္ကသိုလ်သည် အဓိက သာဓက တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသားများ အခက်အခဲကင်းစွာ ပညာသင်ယူနိုင်ရေးအတွက် အထူးဒေသ(၁)အစိုးရနှင့် အလှူရှင်များက ပညာသင်ဆုနှင့် ချေးငွေများ စီစဉ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ ပြောကြားချက်တွင် ထူးခြားမှုနှစ်ခုအနက် တစ်ခုမှာ ၎င်းတို့ဒေသတွင်း ကျားဖျန့်အဆောက်အအုံများကို ပြည်သူ့အ ကျိုးပြု အဆောက်အအုံဖြင့် အသွင်ပြောင်းခဲ့ကြောင်း ဝန်ခံချက်ဖြစ်သည်။ ၎င်းင်းတို့ဒေသတွင် အဆိုပါအဆောက်အအုံများ ရှိခဲ့ကြောင်းကို ဝန်ခံခဲ့ခြင်းဖြစ်သည်။ နောက်တစ်ချက်က အထူးဒေသ(၁) အစိုးရဟူသော အသုံးအနှုန်းက တိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်နယ်မြေအတွင်း စစ်ဘုရင်ဝါဒ အားကောင်းမှုအလွန် နိုင်ငံတော်အစိုးရအပေါ် သွေးတိုးစမ်း အသုံးအနှုန်းဟု ယူဆမိသည်။
ထပ်မံ၍ အောက်တိုဘာ ၂၇ရက်က လောက်ကိုင်မြို့၌ MNDAA စစ်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး နိုင်ငံရေးအရ အားကောင်းလာရေး၊ နည်းပညာမြှင့်တင်ရေး လုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်အရ အစည်းအဝေးတွင် MNDAA စစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် Mr. Peng De Ren က အထူးဒေသ၏ လက်ရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အခြေအနေသည် လွယ်ကူစွာ ရရှိလာခြင်းမဟုတ်ဘဲ မရေမတွက်နိုင်သော တော်လှန်ရေး အာဇာနည်များ၏ သွေးထွက်သံယို တိုက်ပွဲဝင် မှုများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားသော တပ်တော်သားများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများဖြင့် လဲလှယ်ရရှိထားသော တန်ဖိုးကြီးမားသည့် ရလဒ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ တပ်တော် သားများနှင့် ဝန်ထမ်းအားလုံးသည် အထူးဒေသငြိမ်းချမ်းရေးကို ကာကွယ်ရန်နှင့် လူမျိုးပေါင်းစုံ ပြည် သူများကို အလုပ်အကျွေးပြုရန်ဟူသော အဓိကတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ရာ ပြည် သူများ၏ ကောင်းကျိုးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အခြေအနေမဲ့ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။အထူးဒေသသည် တိုင်းရင်းသားညီအစ်ကိုများအားလုံး၏ ဘုံအိမ်ရာဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းတို့၏ ဆောင်ရွက်ချက်များက အင်အားကို နည်းပညာဖြင့် အဆင့်မြှင့်တင်ခြင်းများ၊ ဒေသတစ်ခုအဖြစ် ခွဲထွက်၍ ရစေရန် အကြံအစည်များ ပါဝင်နေကြောင်း သတိပြုရမည်ဖြစ်သည်။ စစ်ရေးအရ ဆောင်ရွက်လာနိုင် သည်များကိုလည်း သတိပြုရ မည်ဖြစ်သည်။
ထိုသို့သော အကြောင်းအချက်များကြောင့် ရှမ်းမြောက်ဒေသနှင့်ပတ်သက်၍ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်ကြသူများ အာရုံစိုက်မှုကို ရရှိလာခဲ့သည်။မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ ကံကြမ္မာနှင့်ပတ်သက်၍ လေ့လာသုံးသပ်နေမှုအပေါ် ဒေါက်တာအေးမောင်က "ကျွန်တော် တို့နိုင်ငံရဲ့ လွတ်လပ် ရေးအလွန်ကာလ နိုင်ငံရေးပြဿနာမှာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဆိုတာကို နောက်ပိုင်းမှာ သုံးကြ တယ်လေ။ ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းဘဲ လက်နက်ပါလာကြတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအတွင်းမှာ မတည်ငြိမ်ဘူး။ တည်ဆဲ အစိုးရတွေအနေနဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကို ဘယ်လောက်ပဲ နှိမ်နင်း နှိမ်နင်း တစ်ဖက်နိုင်ငံကို ခိုကပ်တာတို့ ရှိကြတယ်။ ဒါဟာ ဟိုဘက်အစိုးရ အတွက်လည်း မကောင်းဘူး၊ ဒီဘက်အစိုးရအတွက်လည်း မကောင်းဘူး။ ၁၀၂၇ ဆိုတာဖြစ်တော့ ကျွန်တော် သတိထားမိတယ်။ ၁၀၂၇ မတိုင်ခင်မှာ နိုင်ငံတော်အကြီးအကဲဟောင်းတွေနဲ့ တရုတ်ဘက်က လာတွေ့တာရှိတယ်။ နောက် အဲဒီကာ လက ပြည်ထဲရေးဝန်ကြီးနဲ့ လာတွေ့တာ ရှိတယ်။
အဲဒီတုန်းက ကျွန်တော်တို့နဲ့တွေ့ဖို့တောင် ပြောခဲ့တာ ရှိတယ်။ အဓိက သူတို့ဘက်ကပြောတာက ကျားဖျန့်ကိစ္စပါ။ သူတို့လူမျိုးတွေ ဒုက္ခရောက်နေပြီဆိုတဲ့အထိ ပြောကြတယ်။ အဲဒီကာလမှာ ကျားဖျန့်က မြန်မာနိုင်ငံတွင်းမှာ အခြေတည်နေတယ်ဆိုပြီးသုံးသပ်ပြောကြတာ ရှိတယ်။ နောက်အဲဒီကာလအလွန်မှာ နစကဘက်က ဝန်ကြီးအပြောင်းအလဲလုပ်တယ်။ အဲဒီနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ဆောင်ရွက်လာတာ တွေ့ရတယ်။ နောက်ပိုင်း အထူးဒေသတွေမှာ ကျားဖျန့်နဲ့ပတ်သက်ပြီး နှိမ်နင်းကြတာတွေ တွေ့ရပါတယ်။ အစိုးရဘက်ကလည်း တော်တော်လေး အားကြိုးမာန် တက်လုပ်တယ်။ အဲဒီနောက် ၁၀၂၇ ဆိုတာ ပေါ်ထွန်းလာပါတယ်။ သူတို့စတင်တော့ နံပါတ်(၁)က စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုပြီး သူတို့ ကြွေးကြော်တယ်။ နံပါတ်(၂)ကတော့ ကျားဖျန့်ကိစ္စပေါ့။ ဒီကိစ္စကို ဦးတည် ပြီးတော့မှာ ၁၀၂၇ က စတင်တယ်။ အဖွဲ့တွေပေါင်းပြီး တရုတ်ပြည် အကြိုက်ပေါ့ဗျာ။ ကျားဖျန့် ကို အဓိကဦးတည်တာကိုး။ နောက်ပြီး အနောက်နိုင်ငံအကြိုက် စစ်အာဏာရှင် ချုပ်ငြိမ်းရေးဆိုတာမျိုး ပြောတယ်။ ဒီတော့ စစ်အာဏာရှင်စနစ် ဆိုတာနဲ့ NUG နဲ့ PDF တွေ ပါလာကြတယ်။ ကျားဖျန့်နဲ့ပတ် သက်တော့လည်း ကျားဖျန့်ကို မလိုလားတဲ့သူတွေ ပါလာကြတာပေါ့။ ဒါကြောင့် စစ်ဆင်ရေး ကြီးကြီး မားမား ဖြစ်သွားတာပေါ့ဗျာ။ ဒါလေးတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တစ်ဖက်နိုင်ငံမှာရှိတဲ့ နိုင်ငံကြီးရဲ့ အမျိုးသားအကျိုး စီးပွားကို ထိထိမိမိ သူတို့ရဲ့ စစ်ဆင်ရေးမှာ ထည့်သွင်း အသုံးပြုခဲ့ကြတယ်"ဟု ပြောကြားသည်။
ဆက်လက်၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံကြီးများ၏ ကူညီပေးမှုနှင့် ပတ်သက်၍ "NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မစ္စတာ တိန့်ရှီကျွင်းရဲ့ အကြံပြုချက်က အဆင့် မြင့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး လူနည်းစုတိုင်းရင်းသားတွေအတွက် စဉ်းစားပေးဖို့ သူ့ဘက်က အဆိုပြုချက် တွေရှိခဲ့တယ်။ တိန့်ရှီကျွင်းဟာ နစက ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးမှာ ပါဝင်လာခဲ့တယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်ရင် ရမယ်ဆိုတာ အကြံပြုတာ မကြာခဏ တွေ့ရပါတယ်။ နောက် ငြိမ်းချမ်း ရေးဆွေးနွေးပွဲအချို့ကို သူတို့ကပင်တိုင် လုပ်ပေးရတော့ ပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားကို သူတို့ သိနိုင်တယ်။ အစိုးရဘက်က တာဝန်ရှိသူတွေရဲ့ သဘောထားကို သိတာပေါ့ဗျာ။ ဒီလိုဆိုတော့ NCA လက်မှတ် မထိုးတဲ့အဖွဲ့တွေရဲ့ သဘောထားတွေ၊ နောက် ရှမ်းမြောက်မှာ ရှိတဲ့ ၁၀၂၇ ရဲ့ ပိုင်ရှင်တွေရဲ့ သဘောထားကို သိတယ်။ ဒါတွေအားလုံးကို တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် တိန့်ရှီကျွင်းက သိနိုင်ပါတယ်။ သူ့ရဲ့ အကြံပြုလိုလားချက်တွေကို ကြည့်တဲ့အခါမှာလည်း NCA စထိုးကတည်းက ယနေ့ထိပို့တဲ့ သဝဏ်လွှာတွေကို ကြည့်တဲ့အခါမှာ ငြိမ်းချမ်းစေဖို့အတွက်ပဲ အကြံပြုကြတာ များပါတယ်။ လက်ရှိအစိုးရကလည်း ရွေးကောက်ခံ အစိုးရဖြစ်တာကြောင့် နိုင်ငံတော်အသစ်ကို ငြိမ်းချမ်းမှုနဲ့သွားဖို့ အိမ်နီးချင်းတွေက အကြံပြုကြပါတယ်။ ငြိမ်းချမ်းရေးအတွက်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြိုးပမ်းမှုအပေါ်ပဲ မူတည်ပါတယ်။ တစ်ဖက်နိုင်ငံနဲ့တော့ သိပ်ပြီး မူမတည်နိုင်လောက်ပါဘူး"ဟု ဆက်လက်ပြောကြားသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာအတွက် အောက်ပါ သတိပြုရမည့်အချက်များကို ပေါ်လွင်စေခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းများက 'အထူးဒေသ(၁) အစိုးရ'ဟူသော အသုံးအနှုန်းကို သုံးစွဲလာကြခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေးစနစ်များကို ဗဟိုအစိုးရ၏ ထိန်းချုပ်မှု အပြင်ဘက်တွင် သီးခြားလည်ပတ် လုပ်ဆောင်နေကြခြင်းမှာ နိုင်ငံတော်၏ တစ်ခုတည်းသော အချုပ်အ ခြာအာဏာ ပိုင်စိုးမှုကို သွယ်ဝိုက်၍ စိန်ခေါ်နေသကဲ့သို့ ဖြစ်လာနေသည်။
ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေနှင့် ရိုးရာအမည်နာမများကို ဖိအားပေး ပြောင်းလဲခိုင်းခြင်း သို့မဟုတ် တရားဝင်ရုံးသုံးအဖြစ် အတင်းအကျပ် သုံးစွဲခိုင်းခြင်းက ဒေသတွင်း တိုင်း ရင်းသား လူမျိုးစုအချင်းချင်းကြား လူမျိုးရေး ပဋိပက္ခအသစ်များ ဖြစ်ပေါ်လာစေရန် ဖန်တီးနေသကဲ့သို့ ရှိနေပြီး ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အဓိကအချက်တစ်ရပ် ဖြစ်လာသည်။
ဒေါက်တာအေးမောင် သုံးသပ်ခဲ့သည့်အတိုင်း ၁၀၂၇ စစ်ဆင်ရေးသည် ပြည်တွင်းရေး သက်သက်ထက် အိမ်နီးချင်း နိုင်ငံကြီးများ၏ အမျိုးသားအကျိုးစီးပွား (ဥပမာ- ကျားဖျန့် နှိမ်နင်းရေးနှင့်နယ်စပ်တည်ငြိမ်ရေး) တို့နှင့် တိုက်ရိုက်ရောယှက်ပတ်သက်နေသည်။ လက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံခြားနိုင်ငံကြီး၏ အကျိုးစီးပွားကို အသုံးချကာ ၎င်းတို့၏ စစ်ရေးနှင့် နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်လာကြခြင်းမှာ နောင်အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် ပို၍ ရှုပ်ထွေးနက်နဲသော အခြေအနေကို ဖန်တီးလာနိုင်ခြေ ရှိနေသည်။ ရှမ်းမြောက်ဒေသ၏ လက်ရှိ အခင်းအကျင်းသည် နယ်မြေ ချဲ့ထွင်ရေးစစ်ပွဲများအပြီး ဒေသအုပ်ချုပ်ရေးကို ဆောင်ရွက်ရာတွင် ကျော်လွန်၍ 'အချုပ်အခြာအာဏာ မည်သူ့လက်ဝယ်ရှိသနည်း'ဆိုသည့် မေးခွန်းထုတ်စရာ ကြီးမားသည့် အခင်းအကျင်းတစ်ခုကို ဖော်ပြ နေခြင်းဖြစ်သည်။ လက်ရှိ အစိုးရအနေ ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား အင်အားစုများ အနေဖြင့်လည်းကောင်း ပြည်တွင်းငြိမ်းချမ်း ရေးကို တည်ဆောက်ရာတွင် ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှု သို့မဟုတ် အကြံပြုချက်များထက် ဒေသခံပြည်သူ လူထု၏ တရားမျှတသော ရပိုင်ခွင့်၊ ဘာသာစကားနှင့် ယဉ်ကျေးမှု လွတ်လပ်ခွင့်များကို အပြန်အလှန် လေးစားတန်ဖိုးထားသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )