MT News
၁၀. ၁၁. ၂၀၂၆
အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် အသေးစားဖွံ့ဖြိုးမှုစီမံကိန်း (Small Development Projects-SDP) အရ Upgrading Existing School for Home Science, Bahan Township, Yangon စီမံကိန်းနှင့် Supply of Machinery and Equipment to 11 Home Science Schools စီမံကိန်း (၂) ခုပါ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာကျောင်းတွင် ကျင်းပခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့် ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် အိမ်တွင်းမှုကျောင်း (၁၁) ကျောင်းသို့ စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်မှု ဂုဏ်ပြု Video မှတ်တမ်းကို ပြသသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးအပ်သည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြန်မာနိုင်ငံဘက်မှလည်း ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင် ပြန်လည်ပေးအပ်ကာ တက်ရောက်လာကြသူများ အတူတကွ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် အသေးစားဖွံ့ဖြိုးမှုစီမံကိန်း (SDP) လုပ်ငန်း (၂) ခုအရ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပံ့ပိုးပေးခဲ့သည့် အဆောက်အဦအသစ် ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် အသက်မွေး ဝမ်းကျောင်း သင်တန်းများ ပို့ချသင်ကြားနေမှုများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်ဟု သိရသည်။

