
အပျော်စီးသင်္ဘောပေါ်ကနေ ပြုတ်ကျပြီး ပစိဖိတ်သမုဒ္ဒရာထဲ ၁၀ နာရီနီးပါး မျောနေခဲ့တဲ့ ဝန်ထမ်းတစ်ဦးကို တံငါသည်နှစ်ယောက်က ကယ်တင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ နံနက်ပိုင်းက ရှောင်နော်တန် (Sean Norton) နဲ့ ဂရန့်ဂါးရက် (Grant Garrett) တို့ သူငယ်ချင်းနှစ်ယောက် နယူးပို့တ်ကမ်းခြေဘက်ကနေ ငါးဖမ်းပြီး ပြန်လာတဲ့အချိန် သူတို့စက်လှေကပ္ပတိန်က ရေထဲမှာ လူတစ်ယောက် မျောနေတာကို တွေ့ရှိခဲ့တာပါ။
သူကတော့ Royal Caribbean သင်္ဘောလိုင်းမှ Ovation of the Seas အပျော်စီးသင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ၁၀ နာရီနီးပါး မျောပါနေခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးပါပဲ။
အဲဒီသင်္ဘောဟာ လောင်းဘိခ်ျ (Long Beach) ကနေ မက္ကဆီကိုနိုင်ငံ၊ အန်ဆီနာဒါ (Ensenada) ကို ခရီးနှင်နေတာဖြစ်ပြီး သောကြာနေ့ နံနက် ၂ နာရီခွဲအချိန်မှာ သင်္ဘောပေါ်ကနေ ဒီအမျိုးသား ပြုတ်ကျခဲ့တာလို့ ယူဆရပါတယ်။
တံငါသည်တွေ ကယ်တင်ပြီးနောက် အဲဒီအမျိုးသားဟာ သတိပြန်လည်လာခဲ့ပြီး သူဟာ အပျော်စီးသင်္ဘောပေါ်မှာ ပီယာနိုတီးတဲ့သူလို့ ဆိုပါတယ်။ တံငါသည်တွေက ကမ်းခြေစောင့်အဖွဲ့ဆီ အရေးပေါ်အကြောင်းကြားခဲ့ပြီး အဲဒီအမျိုးသားကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီအမျိုးသားဟာ အသက်ဘေးကနေ လွတ်မြောက်သွားပြီလို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
သူ ဘယ်လိုကြောင့် ရေထဲပြုတ်ကျသွားလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ သူ ပြုတ်ကျခဲ့ချိန်မှာ ပင်လယ်ရေနွေးနေတာကြောင့် အခုလို အသက်ရှင်ခဲ့တာဖြစ်နိုင်တယ်လို့ တံငါသည် ရှောင်နော်တန်က ဆိုပါတယ်။
Ref: Two Fishermen Rescue Cruise Ship Pianist Who Spent Nine Hours Treading Water at Sea
NZ (ရိုးရာလေး)