Eleven Media Group

ဆီးရီးယားနိုင်ငံက ၄င်းတို့စစ်သည်များကို ယီမင်သို့စေလွှတ်ရန် အစီအစဉ်မရှိဟုဆို

ဆီးရီးယားနိုင်ငံက ၄င်းတို့စစ်သည်များကို ယီမင်နိုင်ငံသို့ စေလွှတ်ရန် အစီအစဉ်မရှိကြောင်းနှင့် စေလွှတ်မည်ဆိုသည့် သတင်းများက အခြေအမြစ်မရှိကြောင်း ဆီးရီးယားသံတမန်ရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက နိုင်ငံပိုင် SANA သတင်းဌာနကိုပြောကြားခဲ့သည်။

ထောင်နှင့်ချီသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များကို ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်ထားပြီး အချို့တပ်ဖွဲ့ ဝင်များက နယ်စပ်တစ်လျှောက်တွင် ရောက်ရှိနေပြီဟု ယီမင်အရာရှိများက AFP သတင်းဌာနကို ပြောခဲ့သည်ဆိုသည့် သတင်းများ ထွက်ရှိလာပြီးနောက် ဆီးရီးယားဘက်က ထိုသတင်းများကို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ကနဦးသတင်းများအရ ဆီးရီးယားတပ်ဖွဲ့ဝင် ရာနှင့်ချီ ဆော်ဒီ-ယီမင်နယ်စပ်၏ နှစ်ဖက်စလုံးတွင် ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ်တပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာမည်ဟု ယီမင်အရာရှိများက ပြောဆိုခဲ့သည်။ ယီမင်၏ အမြင့်ဆုံးအုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် သမ္မတခေါင်းဆောင်မှုကောင်စီ (PLC) မှ အရာရှိတစ်ဦးက အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက် ကိုင်များကို တိုက်ခိုက်ရန် ဆီးရီးယားက တပ်ဖွဲ့ဝင် ၃,၀၀၀ အထိ စေလွှတ်မည်ဟုပင် ပြောခဲ့သည်။

ယီမင်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးကလည်း ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့် စေလွှတ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ တိုးမြှင့်စေလွှတ်နိုင်ကြောင်း ပြောခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်-အာဆတ် အာဏာမှ ဖယ်ရှားခံရပြီးနောက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဖွဲ့စည်းခဲ့သည့် ဆီးရီးယားအစိုးရသစ်ကို အဓိကထောက်ခံပေးနေသည့် ဆော်ဒီအာရေဗျက ဟူသီ၏တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ရင်ဆိုင်နေရသဖြင့် မဟာမိတ်နိုင်ငံများထံမှ စစ်ရေးအကူအညီများ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ဆီးရီးယားသမ္မတ အယ်လ်-ရှာရာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရီယာ့ဒ်မြို့သို့ရောက်လာကာ နှစ်နိုင်ငံကြား သဘောတူညီချက်များလည်း ရရှိခဲ့သည်။

ပြီးခဲ့သည့်ဩဂုတ်တွင် ဆော်ဒီ ၊ ပါကစ္စတန်နှင့် တူရကီတို့ မက္ကာမြို့တွင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် သုံးနိုင်ငံစလုံးကို တိုက်ခိုက် ခြင်းနှင့် အတူတူဖြစ်သည်ဟု သတ််မှတ်သည်။

Ref: Reuters / AFP

မူရင်းသတင်း — Eleven Media Group