Yangon Media Group

“Smiling Depression” လို့ခေါ်တဲ့ အပြုံးနောက်ကွယ်က စိတ်ကျရောဂါရှိနေကြောင်း ဖော်ပြနေတဲ့လက္ခဏာတွေ

#World_Health
Published 10 November 2026

■ ပျော်ရွှင်နေသလို ပြုံးပြုံးရွှင်ရွှင်နဲ့ နေနေတာကိုပဲကြည့်ပြီး သူတို့တကယ်ပျော်နေတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီအပြုံးရဲ့နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ စိတ်ဒဏ်ရာတွေ၊ ဝမ်းနည်းမှုတွေနဲ့ ရုန်းကန်နေရတာမျိုးရှိနေနိုင်ပါတယ်။

■ ခရစ္စမတ်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတစ်ခုလို့ လူအများက သတ်မှတ်ထားကြပါတယ်။

■ ဒါပေမဲ့ မိသားစုအတွင်း အဆင်မပြေတာတွေ၊ အစားအသောက်ပြင်ဆင်ရတဲ့ ဖိအားတွေ၊ လက်ဆောင်ဝယ်ဖို့ ငွေကြေးကုန်ကျမှုတွေကြောင့် နှစ်ကုန်ခါနီးမှာ စိတ်ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်။

■ တချို့လူတွေဆိုရင် ပတ်ဝန်းကျင်ကလူတွေ စိတ်မပူအောင်၊ မိသားစုအတွက် စိတ်ချမ်းသာစရာဖြစ်အောင် အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင်နဲ့နေပြတတ်ကြပါတယ်။

■ ဒါပေမဲ့ သူတို့ရဲ့အတွင်းစိတ်ထဲမှာတော့ တကယ်ကို ဝမ်းနည်းပူဆွေးပြီး စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရတာမျိုး ဖြစ်နိုင်ပါတယ်။

■ ဒီလိုအခြေအနေကို လူအများက Smiling Depression (အပြုံးနောက်ကွယ်က စိတ်ကျရောဂါ) လို့ ခေါ်ကြပါတယ်။

■ Smiling Depression ဆိုတာ ဘာလဲ။

■ Smiling Depression ဆိုတာ ဆေးပညာအရ သီးခြားရောဂါအမည်တစ်ခုအဖြစ် သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။

■ ဒါပေမဲ့ စိတ်ကျရောဂါခံစားနေရပေမဲ့ အဲဒီခံစားချက်တွေကို တခြားသူတွေ မသိအောင် ဖုံးကွယ်ထားပြီး အပြင်ပန်းမှာ ပျော်ရွှင်နေသလို၊ အဆင်ပြေနေသလို ပြုမူနေတဲ့ အခြေအနေကို ရည်ညွှန်းတာဖြစ်ပါတယ်။

■ စိတ်ကျရောဂါရှိနေသူတစ်ယောက်ဟာ အလုပ်မှာလည်း အဆင်ပြေနေသလို မြင်ရနိုင်တယ်။ လူတွေနဲ့လည်း ရယ်ရယ်မောမော စကားပြောနိုင်တယ်။ ကိုယ့်တာဝန်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တယ်။

■ ဒါပေမဲ့ အဲဒီအပြင်ပန်းပုံစံရဲ့ နောက်ကွယ်မှာတော့ စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းနွမ်းနယ်ပြီး ဝမ်းနည်းနေရနိုင်ပါတယ်။

■ သူတို့ဟာ တခြားသူတွေနဲ့ အဆင်ပြေပြေနေချင်တယ်။ ကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်တွေကိုလည်း ဘယ်သူမှမသိစေချင်ကြပါဘူး။

■ ဒီလိုနဲ့ ကိုယ့်ခံစားချက်တွေကို အမြဲဖုံးကွယ်ထားရင်း တဖြည်းဖြည်း အထီးကျန်လာတတ်ပါတယ်။

■ တချို့အခြေအနေတွေမှာတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်တဲ့ အတွေးတွေအထိ ဖြစ်လာနိုင်တာကြောင့် သတိထားဖို့ အရေးကြီးပါတယ်။

■ Smiling Depression ရှိနေနိုင်ကြောင်း ဖော်ပြတဲ့ လက္ခဏာ ၇ ချက်

■ အပြင်ပန်းမှာ ပျော်ရွှင်နေသလို မြင်ရတဲ့သူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကို အလွယ်တကူ သိနိုင်ဖို့ မလွယ်ပါဘူး။

■ ဒါပေမဲ့ အောက်ပါအပြောင်းအလဲတွေကို သတိထားကြည့်နိုင်ပါတယ်။

■ ■ ၁။ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေခြင်း 
လူတိုင်းက တစ်ခါတလေ ပင်ပန်းတတ်ကြပါတယ်။

■ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ဟာ အရင်ကထက် ပိုပြီး ပင်ပန်းနွမ်းနယ်နေတယ်၊ ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး၊ အားအင်ကုန်ခန်းနေသလို ဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။

■ ကိုယ်မပျော်ရွှင်ပေမဲ့ ပျော်နေသလို အမြဲပြုံးပြနေရတာကလည်း စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အများကြီး သုံးစွဲရပါတယ်။

■ ဒါ့အပြင် အိပ်မပျော်တာ၊ အာရုံစူးစိုက်ရခက်တာ၊ မေ့လျော့လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

■ ■ ၂။ ခေါင်းကိုက်ခြင်းနဲ့ ဗိုက်အောင့်ခြင်း 
ခေါင်းခဏခဏ ကိုက်တာ၊ ဗိုက်နာတာ၊ အစာအိမ်မအီမသာဖြစ်တာတွေကို အစားအသောက်ကြောင့်ပဲလို့ ထင်ထားတတ်ကြပါတယ်။

■ ဒါပေမဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကလည်း ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။

■ အကြောင်းရင်းမသိဘဲ ခေါင်းကိုက်တာ၊ ဗိုက်နာတာတွေ မကြာခဏဖြစ်လာရင်လည်း သတိထားသင့်ပါတယ်။

■ ■ ၃။ အစားအသောက်ကို ပုံမှန်ထက် ပိုစားလာခြင်း 

■ စိတ်ဖိစီးမှုများလာတဲ့အခါ တချို့လူတွေက အစားအသောက်ကို ပိုစားလာတတ်ကြပါတယ်။
အထူးသဖြင့် ဝမ်းနည်းတဲ့အချိန်၊ စိတ်မကောင်းတဲ့အချိန်တွေမှာ အစားစားခြင်းကနေ စိတ်သက်သာမှုရဖို့ ကြိုးစားတတ်ကြပါတယ်။

■ အရင်ကနဲ့မတူဘဲ အစားအသောက်ကို အလွန်အကျွံစားလာတာမျိုးရှိရင်လည်း သတိထားကြည့်သင့်ပါတယ်။

■ ■ ၄။ လက်တွေ၊ ခြေတွေမှာ လေးလံထိုင်းမှိုင်းနေသလို ခံစားရခြင်း

■ အမြဲလိုလို ဆိုဖာပေါ်မှာပဲ လှဲနေချင်တာ၊ ထိုင်ရာကနေ ထဖို့တောင် အားမရှိသလိုဖြစ်နေတာ၊ ဘာတစ်ခုမှ လုပ်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

■ ခန္ဓာကိုယ်တစ်ခုလုံး လေးလံထိုင်းမှိုင်းနေသလို ခံစားရပြီး နေ့စဉ်လုပ်နေကျ အလုပ်လေးတွေတောင် လုပ်ဖို့ ခက်ခဲလာတတ်ပါတယ်။

■ ■ ၅။ ဝေဖန်ခံရတာ၊ ငြင်းပယ်ခံရတာကို ပုံမှန်ထက် ပိုခံစားလွယ်လာခြင်း
တစ်ယောက်ယောက်က စကားတစ်ခွန်းပြောလိုက်တာ၊ ဝေဖန်လိုက်တာ၊ သဘောမတူလိုက်တာလောက်နဲ့ အရင်ကထက် ပိုပြီး စိတ်ထိခိုက်လာတတ်ပါတယ်။

■ အသေးအဖွဲကိစ္စလေးတွေကြောင့်တောင် ဝမ်းနည်းသွားတာ၊ စိတ်ဆိုးသွားတာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားလာတာမျိုး ဖြစ်နိုင်ပါတယ်။

■ ■ ၆။ ပုံမှန်ထက် ပိုအိပ်လာခြင်း

■ အရင်က အိပ်ချိန်ပုံမှန်ရှိတဲ့သူတစ်ယောက်ဟာ အခုနောက်ပိုင်း အိပ်ချိန်တွေအများကြီး ပိုလာတယ်ဆိုရင်လည်း သတိထားဖို့ လိုပါတယ်။

■ အိပ်ရာထဲက မထချင်တာ၊ အိပ်နေပေမဲ့ မလန်းဆန်းတာ၊ တစ်နေ့လုံး အိပ်ချင်နေတတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

■ ■ ၇။ လူတွေနဲ့ ဝေးကွာလာပြီး ကိုယ်ဝါသနာပါတာတွေကို စိတ်မဝင်စားတော့ခြင်းအရင်က သူငယ်ချင်းတွေနဲ့ တွေ့ရတာ၊ စကားပြောရတာ၊ ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်ရတာကို ပျော်ရွှင်ခဲ့တဲ့သူတစ်ယောက်ဟာ အခုနောက်ပိုင်းမှာ အဲဒီအရာတွေကို စိတ်မဝင်စားတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

■ လူတွေနဲ့ မတွေ့ချင်တော့တာ၊ ဖုန်းမကိုင်ချင်တော့တာ၊ အပြင်မထွက်ချင်တော့တာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုတွေ လျော့နည်းလာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

■ အရင်က ကိုယ့်အတွက် အရေးကြီးခဲ့တဲ့ ဝါသနာတွေကိုတောင် စိတ်မဝင်စားတော့တာဟာ သတိထားသင့်တဲ့ အပြောင်းအလဲတစ်ခုပါ။

■ Smiling Depression ဆိုတာ သီးခြားတရားဝင်ရောဂါအမည်မဟုတ်ပါဘူး။ အထက်ပါလက္ခဏာတွေရှိရုံနဲ့ စိတ်ကျရောဂါလို့ အတည်ပြုလို့မရပါဘူး။

■ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေချင်တဲ့အတွေးတွေ၊ သတ်သေချင်တဲ့အတွေးတွေ ရှိလာရင်တော့ ပြုံးပြုံးရွှင်ရွှင်နေနေသည်ဖြစ်စေ၊ ချက်ချင်း ယုံကြည်ရသူတစ်ဦးနဲ့ ဆရာဝန်ထံ အကူအညီတောင်းခံဖို့ လိုအပ်ပါတယ်။ 

Source-The US Sun

မူရင်းသတင်း — Yangon Media Group