Eleven Media Group

ရွှေ့ပြောင်းများကို တင်လာသောလှေ ဆီနီဂေါအလွန်တွင် နစ်မြုပ်သဖြင့် အနည်းဆုံး ၃၅ ဦးသေဆုံး

ရွှေ့ပြောင်းများကို တင်ဆောင်လာသော လှေငယ်သည်သည် ဆီနီဂေါ အနောက်မြောက်ပိုင်းအလွန်တွင် နစ်မြုပ်သွားခဲ့သောကြောင့် အနည်းဆုံး ၃၅ ဦးသေဆုံးသွားခဲ့သည်ဟု အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့များက နိုဝင်ဘာ ၈ ရက်တွင် AFP ကို ပြောကြားခဲ့သည်။

ယခုလှေနစ်မြုမ်မှုသည် အာဖရိကတိုက်မှ ဥရောပတိုက်သို့ အန္တရာယ်များသော အတ္တလန်တိတ်သမုဒ္ဒရာ လမ်းကြောင်း တစ်လျှောက် နောက်ဆုံးဖြစ်ပွားသည့် အဖြစ်ဆိုးဖြစ်သည်။

လွန်ခဲ့သောနှစ်များတွင် အနောက်အာဖရိကမှ စပိန်၏ကနေရီကျွန်းစုများထံရောက်ရှိရန် ကြိုးစားကြသူများသည် လမ်းကြောင်း တစ်လျှောက်တွင် သေဆုံးခဲ့ကြရသည်။

ဆီနီဂေါပြည်ထဲရေးဝန်ကြီးဌာန၏ကနဦး ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၌ လှေနစ်မြုပ်သွားခဲ့ပြီးနောက် ရုပ်အလောင်း ၂၁ လောင်းနှင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးတို့ကို ပြန်လည်ရရှိထားသည်ဟု ဖော်ပြခဲ့သည် ဆိုသော်လည်း ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် ထိုကိန်းဂဏန်းများသည် ယာယီသာဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း နိုဝင်ဘာ ၈ ရက်နှောင်းပိုင်းတွင် ဆီနီဂေါသတင်းအေဂျင်စီ(APS) က ဖော်ပြခဲ့ရာ၌ စုစုပေါင်း သေဆုံးသူအရေအတွက်သည် ယခုအခါ အနည်းဆုံး ၃၄ ဦးရှိနေသည်ဟု ဖော်ပြခဲ့ပြီး ထိုအရေအတွက်ကို Action for Human Rights and Friendship (ADHA) ကလည်း အတည်ပြုခဲ့သည်။

ပျောက်နေသူများ၏အရေအတွက်ကို အတိအကျမသိရဟု APS က ဖြည့်စွက်ဖော်ပြခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၈ ရက်ညတွင် သေဆုံးသူစုစုပေါင်း ထပ်တိုးသွားခဲ့ပြီး အနည်းဆုံးသေဆုံးသူ ၃၅ ဦးအထိရှိလာပြီး အသက်ရှင်သူ တစ်ဦးရှိသည်ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။ ထိုစာရင်းသည် ယာယီသာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်ကတည်းက အပြောင်းအလဲဖြစ်နေသည်ဟု ဆိုသည်။

လောင်းလှေအမျိုးအစား ဝမ်းပြားလှေသည် ဒါခါနှင့် မြောက်ပိုင်း စိန်းလူးဝစ်မြို့အကြား ကီဘီမာဒေသရှိ လမ်ပူးလ်သဲခုံများအလွန်တွင် နိုဝင်ဘာ ၇ ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group