Eleven Media Group

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် Air-con safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် နိုဝင်ဘာ ၈ ရက် ညပိုင်းက Air-con safeguard အပူလွန်ကဲရာမှ မီးပွားကျကာ တစ်ထပ်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊ ည ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၅ လမ်း၊ လမ်း ၈၀ ရှိ ၁၅ ပေ× ပေ ၂၀၊ သွပ်မိုး၊ သွပ်ကာ၊ Steel Structure တစ်ထပ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်များအရ ဆိုင်အတွင်းတပ်ဆင်ထားသော Air-con safeguard အပူလွန်ကဲပြီး အောက်ဘက်ရှိ ဂျပ်ဖာများပေါ်သို့ မီးပွားများကျဆင်းကာ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါမီးလောင်မှုကြောင့် ၁၅ ပေ × ပေ ၂၀ ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်လုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး ၊ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၂၀ ဦး၊ အမရဌာနီအရှေ့ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ အမရဌာနီအနောက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပြည်လုံး ချမ်းသာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ်စီး၊ ဥပုသ်တော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ် တစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့ ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ည ၁၁ နာရီ ၅၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၂ နာရီတွင် မီးငြိမ်းသွားကာ အဆိုပါ မီးလောင်မှု ကြောင့် လူနှင့်တိရစ္ဆာန် ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး အိမ်ရှင်အမျိုးသားအား အမှတ် (၄) နယ်မြေရဲစခန်းတွင် (ပ– ၇၄ /၂၀၂၆)၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

■ဓာတ်ပုံ-ကိုသန်းဌေး

မူရင်းသတင်း — Eleven Media Group