Eleven Media Group

အီရန်တွင် အစ္စလာမ်မစ်တော်လှန်ရေးအတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ရှားဘုရင်၏ သားဖြစ်သူက လွတ်လပ်ရေး ဆုတံဆိပ်ကို လက်ခံရယူ

အီရန်တွင် အစ္စလာမ်မစ်တော်လှန်ရေးအတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ရှားဘုရင်၏ သားဖြစ်သူ ရီဇာ ပာလာဗီက ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် နိုဝင်ဘာ ၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ အီရန်ပြည်သူများအား ချီးမြှင့်အပ်နှင်းသည့် လွတ်လပ်ရေး ဆုတံဆိပ်ကို လက်ခံရယူခဲ့သည်။

သို့သော် ဝေဖန်သူများကမူ အဆိုပါ အခမ်းအနားမှာ တရားဝင်မှုမရှိကြောင်း ပြောဆိုခဲ့ကြသည်။

ပါလာဗီကို ထောက်ခံသည့် လူပေါင်း ၂၅၀၀၀ ခန့်သည် အစ္စလာမ်မစ်တော်လှန်ရေးမတိုင်မီက အသုံးပြုခဲ့သည့် အီရန်အလံများကို ကိုင်ဆောင်ကာ ၄င်းအား ကြိုဆိုခဲ့ကြသည်။

အဆိုပါဆုကို ဂျာမနီနိုင်ငံ၏ လစ်ဘရယ် FDP ပါတီနှင့် နီးစပ်သည့် တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်သော Friedrich Naumann ဖောင်ဒေးရှင်းက ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"အီရန်ဟာ ဒီမိုကရေစီကို သင်ကြားပေးဖို့ စောင့်ဆိုင်းနေတဲ့ နိုင်ငံမဟုတ်ပါဘူး၊ ဒါဟာ ဒီမိုကရေစီကို ကျင့်သုံးခွင့် မရအောင် တားဆီးခံနေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်" ဟု ပာလာဗီက ၁၈၄၈-၁၈၄၉ ခုနှစ်များတွင် ဂျာမနီ၏ ပထမဆုံးသော ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကို လက်ခံကျင်းပခဲ့သည့်အတွက် နာမည်ကျော်ကြားသော စိန်ပေါလ် ဘုရားကျောင်းတွင် ပြောကြားခဲ့သည်။

"မဲပေးခွင့်အတွက် အသေခံဖို့ အသင့်ရှိနေတဲ့ ပြည်သူတွေဟာ မဲပေးခွင့်ကို ကျင့်သုံးဖို့လည်း အသင့်ရှိနေကြပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွဲမှုများကြောင့် လူပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group