Eleven Media Group

တရုတ်နိုင်ငံက ပို့လိုက်သည့် ပန်ဒါနှစ်ကောင်ကို အမေရိကန်တိရစ္ဆာန်ရုံတွင် စတင်ပြသ

တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ အငှားပို့ထားသည့် ဧရာမပန်ဒါနှစ်ကောင် ပင်းပင်းနှင့် ဖူရွှမ်တို့ကို နိုဝင်ဘာ ၆ ရက်က အတ္တလန်တာတိရစ္ဆာန်ရုံတွင် စတင်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူ များပြားခဲ့သည်။

စက်တင်ဘာတွင် ပန်ဒါအထီးလေးပင်းပင်းနှင့် ပန်ဒါအမလေးဖူရွှမ်တို့သည် တရုတ်နိုင်ငံ ၊ ချန်ဒူးမြို့မှ “Panda Express” အမည်ရှိ FedEx လေယာဉ်ဖြင့် အမေရိကန်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ကို အမေရိကန်တောင်ပိုင်းရှိ အတ္တလန်တာတိရစ္ဆာန်ရုံတွင် ၁၀ နှစ်ကြာထားရှိမည်ဖြစ်သည်။

ပန်ဒါနှစ်ကောင် မရောက်မီ အဆိုပါတိရစ္ဆာန်ရုံတွင် ပန်ဒါများထားရှိသည့်နေရာကို ပြန်လည်မွမ်းမံ ပေးထားပြီး ပန်ဒါစောင့်ရှောက်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။ ပန်ဒါများအတွက် လိုအပ်သည့် ဝါးပင်များကို ရေရှည်လုံလောက်စွာ ရရှိနိုင်ရန် အတ္တလန်တာဒေသ၌ပင် စိုက်ပျိုးထားသည်။ အတ္တလန်တာ၏ ရာသီဥတုသည် ပန်ဒါများ၏ မူလနေထိုင်ရာ ချန်ဒူးမြို့နှင့် ဆင်တူသည့်အတွက် ဝါးပင်စိုက်ပျိုးရန်လည်း သင့်လျော်သည်။

အတ္တလန်တာတိရစ္ဆာန်ရုံသည် ၁၉၉၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှ ငှားပေးထားသည့် ပန်ဒါများကို လက်ခံထားရှိခဲ့ပြီး ယင်းတိရစ္ဆာန်ရုံတွင် ပန်ဒါသားပေါက် ၇ ကောင်အထိ မွေးခဲ့ဖူးသည်။ ထိုပန်ဒါများအားလုံးကို ချန်ဒူးသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ထိုတိရစ္ဆာန်ရုံ၌ ပန်ဒါများ မရှိတော့ပေ။

ပင်းပင်းနှင့်ဖူရွှမ်တို့ နှစ်ကောင်စလုံး ၂၀၂၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အနာဂတ်တွင် မျိုးပွားရန် သင့်လျော် သည့် အဖော်များဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ လှောင်မွေးထားသည့် ပန်ဒါများသည် ပုံမှန် အားဖြင့် အသက် ၃၀ ခန့်အထိ နေထိုင်နိုင်သည်။

တရုတ်နိုင်ငံက အမေရိကန်ကို ပန်ဒါများပေးအပ်ခဲ့သည့် အစဉ်အလာမှာ ၁၉၇၂ ခုနှစ်က စတင်ခဲ့ သည်။ ထိုနှစ်တွင် အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်က တရုတ်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ပန်ဒါတစ်စုံကို လက်ဆောင်ရခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group