
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မိမိသည်လွန်ခဲ့သောရက်ပိုင်းတွင် အိမ်ဖြူတော်ပြန်ကြားရေး အရာရှိ တာဝန်ကို Ultimate Fighting Championship (UFC) အကြီးအကဲဒါနာဝှိုက်ထံ ကမ်းလှမ်းခဲ့သည်ဆိုခြင်းမှာ ရယ်စရာအဖြစ်ပြောခဲ့ခြင်းသာဖြစ်သည်ဟု နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
"ကျွန်တော်က ကျီစားပြောခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါနာက အဲဒီစိတ်ကူးကို သဘောကျနေပါတယ် "ဟု ထရန့်က ဖလော်ရီဒါလေဆိပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အစဉ်အလာအားဖြင့် အမေရိကန်အစိုးရအဖွဲ့၏ ထင်သာမြင်သာအရှိဆုံး ရာထူးတစ်ခုဖြစ်သည့် အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ သို့မဟုတ် အိမ်ဖြူတော်ပြောရေးဆို ခွင့်ရှိသူ ရာထူးသည် အောက်တိုဘာ ၁၆ ရက်တွင် ထိုရာထူးမှ ကေတီဇာချာရီးယား နုတ်ထွက်သွားကတည်းက လစ်လပ်နေသည်။ ကေတီဇာချာရီးယားသည် အိမ်ဖြူတော်ပြောရေးဆို ခွင့်ရှိသူအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီးတစ်ပတ်မပြည့်မီ ရာထူးမှ ထွက်ခွာသွားသူ ဖြစ်သည်။
UFC ဥက္ကဌလည်းဖြစ် အမှုဆောင်ချုပ်လည်းဖြစ်သော အသက် ၅၇ နှစ်ရှိ ဒါနာဝှိုက်သည် သမ္မတထရန့်၏ ကာလရှည်မိတ်ဆွေဖြစ်သည်။
နိုဝင်ဘာ ၇ ရက်ညက လန်ဒန်တွင် ပြောကြားခဲ့ရာ၌ ဒါနာဝှိုက်က ထိုအကြောင်းကို နိုဝင်ဘာ ၉ ရက်တွင် သမ္မတနှင့်တွေ့ဆုံပြီးမှသာ ပို၍ပြောနိုင်လိမ့်မည်ဟုဆိုကာ ခပ်လျှိုလျှိုပြောသွားခဲ့သည်။
ဇွန်လတုန်းက ထရန့်၏အသက် ၈၀ ပြည့်မွေးနေ့အဖြစ် UFC က အိမ်ဖြူတော်တောင်ဘက်မြက်ခင်းတွင် သွေးထွက်သံယိုဖြစ်ခဲ့သည့် UFC ထိုးပွဲများကို ကျင်းပခဲ့သည့်အခါ ထရန့်က ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် အောင်ပွဲခံမိန့်ခွန်းအားပြောကြားရာတွင် ဒါနာဝှိုက်က ထရန့်နှင့်အတူ စင်ပေါ်တွင် ရှိနေခဲ့သည်။
ထရန့်က နိုဝင်ဘာ ၇ ရက် ဆိုရှယ်မီဒီယာပို့စ်တွင် ဒါနာဝှိုက်အနေဖြင့် မိမိ၏ကမ်းလှမ်းချက်ကို လက်ခံရန် ပန်ကြားခဲ့ပြီး ဝှိုက်ကိုလည်း ပြင်းထန်သော တိုက်ခိုက်ရေးသမား၊ ကြမ်းတမ်းသော စစ်သည်တော်ဖြစ်သည် ဟု ဖော်ပြခဲ့သည်။
ဝှိုက်အနေဖြင့် တိုက်ခိုက်ရေးသမားအချို့ကို လက်ထောက်အဖြစ်ခေါ်လာရမည်ဖြစ်ပြီး ထိုလက်ထောက်များ ထဲက သုံးဦးမှာ အမေရိကန်မဟုတ်သူများ ဖြစ်ရမည်ဟု ဖော်ပြခဲ့သည်။
သို့သော် ထရန့်က မည်သူမှန်းမသိရသည့် တိုက်ခိုက်ရေးသမားများကို ခေါ်လာရမည်ဟုဆိုခဲ့ခြင်းအား အများပြည်သူက ကျီစားမှုအဖြစ် မြင်ရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကြီးကျယ်သော တိုက်ခိုက်ရေးသမားအားလုံးသည် ဝှိုက်၏လက်ထောက်များ ဖြစ်သောကြောင့် ဝှိုက်နှင့်အတူ ယင်းတိုက်ခိုက်ရေးသမားများကို ခေါ်လာရမည်ဟု ဆိုခြင်းမှာ ကျီစားခြင်းဖြစ်သည်ဟု ထရန့်က ပြောကြား ခဲ့သည်။
ဒါနာဝှိုက်နှင့် နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သမ္မတက ပြောကြားခဲ့သည်။
Ref:AFP