Eleven Media Group

ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၉ ရက် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်က ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ကမာကြည်လမ်း ရှိ ဒေါ်သန်းညွန့်ဆိုသူ၏နေအိမ်မှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမှ‌ ဘေးအိမ်များကို ကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဒေါ်သန်းညွန့်က သူ့ရဲ့နေအိမ်မှာ ထမင်း၊ ဟင်းချက်နေရာကနေ ဂက်စ်ဘူးကွဲပြီးတော့ မီးစတင်လောင်ကျွမ်းတာလို့ သိရပါတယ်" ဟု ပြောကြားသည်။

မီးလောင်မှုကို မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ သထုံခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ပေါင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ ဇင်းကျိုက်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရင်းငြိမ်တောင် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ကဒါရပ်ကွက် အရန်မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ဇင်းကျိုက်မြို့မှ အရန်ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ လူမှုကူညီကယ်ဆယ်‌ရေးအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၅ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီးကာ ဒေါ်သန်းညွန့်တွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့ပြင် လယ်ထွန်စက်တစ်စီးနှင့် ထယ်ထိုးစက်တစ်စီး၏ တာယာများ မီးလောင်ပျက်‌စီးခဲ့ကြောင်း၊ ဘေးအိမ်မှ အသက် ၉၀ ရွယ် အဘိုးအိုတစ်ဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုတွင် မီးဘေးသင့် ပြည်သူ ၁၀ ဦးရှိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းကလည်း မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ မေတ္တာလမ်းရှိ နေအိမ်တစ်လုံးတွင် ကလေးတစ်ဦး မီးဖိုမီးဖြင့် ခေါက်ဆွဲပြုတ်စားရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

■Photo Credit - CJ

မူရင်းသတင်း — Eleven Media Group