
ယခုနောက်ပိုင်း ဆက်တိုက်ဖြစ်ပွားလာသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး G7 နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်များ၌ ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့ဆွေးနွေးရန် မိမိ၏အဆိုပြုချက်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လက်ခံခဲ့ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
တာဂျာနီက ၎င်း၏ကိုယ်ရေးအချက်အလက်များကို ရုရှားလိုလားသည့် ဟက်ကာများက Dark Web ပေါ်တွင် ဖွင့်ချခဲ့ပြီး ထိုသို့ပစ်မှတ်ဖြစ်ရခြင်းမှာ အီတလီအစိုးရက ယူကရိန်းကို ထောက်ခံနေခြင်းနှင့် ဆက်စပ်နေသည်ဟု ပြောသည်။ Dark Web ဆိုသည်မှာ ပုံမှန်အင်တာနက် ရှာဖွေရေးစနစ်များဖြင့် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိဘဲ အထူး ဆော့ဖ်ဝဲများ အသုံးပြုမှသာ ဝင်ရောက်ကြည့်ရှုနိုင်သည့် အင်တာနက်၏ လျှို့ဝှက်နေရာတစ်ခု ဖြစ်သည်။
အီတလီသည် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြင် စစ်ရေးအကူအညီများလည်း ပေးအပ်နေသည့် နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဥရောပနိုင်ငံ များ၌သာမက တောင်အမေရိကတွင်ပါ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း တာဂျာနီက ပြောသည်။ ၎င်းကိုတုံ့ပြန်ရန် G7 အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာ ကြမည် ဖြစ်သည်။
ထို့ပြင် အီတလီနိုင်ငံခြားရေးဝန်ကြီးက “ဟက်ကာတွေက ရုရှားလိုလားသူတွေလို့ပဲ ကျွန်တော်ပြောခဲ့တာပါ။ ရုရှားအစိုးရရဲ့လက်ချက်လို့ ကျွန်တော်မပြောပါဘူး။ ရုရှားအစိုးရ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက် အထား ရှိခဲ့ရင်တော့ အဲဒီအတိုင်း ပြောမှာပါ” ဟု တာဂျာနီကပြောသည်။
Ref: Reuters