
ယာဉ်အပ်နှံရမည့်အချိန်ကာလနှင့် စျေးနှုန်းများကို အတည်ပြုနိုင်ခြင်းမရှိဘဲ မသေချာခြင်းကြောင့် စရန်ငွေ ပေးကာ မော်တော်ယာဉ်ဝယ်ယူထားသူများကို ငွေပြန်အမ်းမည်ဟု SWM Myanmar ကထုတ်ပြန်သည်။
Customer များသို့ အထူးအသိပေးကြေညာခြင်းဟုဆိုကာ အဆိုပါမော်တော်ယာဉ်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီက အသိပေးထားခြင်းဖြစ်သည်။
" လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးအခက်အခဲများနှင့် ဈေးကွက်အခြေအနေများကြောင့် မော်တော်ယာဉ် ထုတ်လုပ်နိုင်စွမ်းတွင် သက်ရောက်မှုရှိကာ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိနေပါသည်။ ထိုအခြေအနေများကြောင့် မော်တော်ယာဉ်များ အပ်နှံနိုင်မည့် အချိန်ကာလနှင့် ဈေးနှုန်းများကို အတည်ပြုနိုင် ခြင်းမရှိဘဲ မသေချာမှုများ ဖြစ်ပေါ်လျက်ရှိနေပါသည်" ဟု SWM Myanmar က ဆိုသည်။
လက်ရှိအခြေအနေကို အကောင်းဆုံး ဖြေရှင်းနိုင်ရန်နှင့် ကြိုတင်ငွေပေးဝယ်ယူထား သူများအပေါ်သက်ရောက် မှုများ အနည်းဆုံးဖြစ်စေရန်ကုမ္ပဏီအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
" မော်တော်ယာဉ်ကြိုတင်မှာ ယူထားသော လူကြီးမင်းများအား ပေးသွင်းထားသည့် စရန်ငွေများကို အပြည့်အဝ ပြန်လည်ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာလူကြီးမင်းများထံ ကျွန်ုပ်တို့ကုမ္ပဏီမှ စတင်ဆက်သွယ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်" ဟု ကုမ္ပဏီက ထုတ်ပြန်သည်။
SWM Myanmar ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် SUV အမျိုးအစားမော်တော်ယာဉ်များဖြစ်သည့် G01 Pro နှင့် G01F တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။