Eleven Media Group

အီဂျစ်တွင် ရထားနှစ်စင်းတိုက်မိ၍ လူ ၁၀၀ ကျော် ဒဏ်ရာရကာ ခုနစ်ဦးသေဆုံး

အီဂျစ်နိုင်ငံ ၊ ကိုင်ရိုမြို့တောင်ဘက် ဂီဇာပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်က ရထားနှစ်စင်းတိုက်မိခဲ့ရာ ရထားမောင်းသူအပါအဝင် လူခုနစ်ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ကိုင်ရိုမြို့မှ ၃၂ မိုင်ခန့်အကွာတွင် ရထားမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အနောက်တောင်ဘက် ဖယူးမ်ပြည်နယ်သို့ ဦးတည်ခုတ်မောင်းလာသည့် ရထားက တောင်ပိုင်း အက်စ်ဝမ် ပြည်နယ်သို့သွားမည့် ရထား၏ နောက်ဘက်ပိုင်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ရထားနှစ်စင်းစလုံး တူညီသည့် ရထားလမ်းကြောင်းပေါ်တွင် သွားလာနေခြင်းဖြစ်ပြီး ရှေ့ရထားက ရပ်တန့်နေစဉ် နောက်ရထားက ဝင်တိုက် ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများအနက် ၇၀ ကျော်မှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်းခွင့်ရခဲ့ကြောင်း အီဂျစ်ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အီဂျစ်နိုင်ငံတွင် ရထားလမ်းစနစ် စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် ရထား စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ရထားလမ်းချော်မှုနှင့် ရထားမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အီဂျစ်တွင် လူသေဆုံးမှုအများဆုံး ရထားမတော်တဆမှုက ၂၀၀၂ ခုနှစ်ကဖြစ်ပြီး ကိုင်ရိုမြို့မှ အီဂျစ်နိုင်ငံ တောင်ပိုင်းသို့ ညပိုင်းခရီးပြေးဆွဲသည့် ရထားတစ်စင်း မီးလောင်ခဲ့ရာ လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။

Ref: AP, Photo: Reuters & AP

မူရင်းသတင်း — Eleven Media Group