Eleven Media Group

အမေရိကန်က အီရန်၏ကုန်းလမ်းနယ်နိမိတ်များကို ပိတ်ဆို့ရန် လုပ်ငန်းတာဝန်အဖွဲ့ကို ဖွဲ့စည်း

အီရန်သို့သွားသည့် ကုန်းတွင်းလမ်းကြောင်းများကို ပိတ်ဆို့ရေးအတွက် လုပ်ငန်းတာဝန်အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုကုန်းတွင်းလမ်းကြောင်းများကို လက်နက်များတင်ပို့ခြင်းနှင့် တရားမဝင်ပစ္စည်းများတင်ပို့ခြင်းတို့အတွက် အသုံးပြုနေသည်ဟု အမေရိကန်စစ်တပ်က ပြောကြားသည်။

ရှစ်လကြာစစ်ပွဲအတွင်း အီရန်ဆိပ်ကမ်းများကို အမေရိကန်၏ရေကြောင်းပိတ်ဆို့မှုအား တိုးချဲ့ရေးအတွက် အင်အား ၂၀ ပါသောအဖွဲ့ကို အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM)က နိုဝင်ဘာရ ရက်တွင် ကြေညာခဲ့သည်။

" Iron Gate လုပ်ငန်းတာဝန်အဖွဲ့ဟာ အပြည့်အဝ တာဝန်ထမ်းဆောင်မယ့် အဖွဲ့ဖြစ်ပါတယ်။ အစ္စလာမ်မစ် အီရန်သမ္မတ နိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိမယ့် အဖွဲ့ဖြစ်ပါတယ်။ သမိုင်းရဲ့ အကြီးမားဆုံးရေကြောင်း ပိတ်ဆို့မှုနဲ့အတူ အဲဒီပိတ်ဆို့မှုဟာ အီရန်ကို အဝင်အထွက် အနည်းဆုံးဖြစ်အောင် လုပ်မှာဖြစ်ပါတယ် "ဟု သမ္မတကသူ၏ Truth Social တွင် ပို့စ်တင်ခဲ့သည်။

CENTCOM အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ဘရက်ကူးပါးက နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ၌ ယင်းလုပ်ငန်းတာဝန်အဖွဲ့သည် အကြမ်းဖက်ဝါဒကို အီရန်၏ ငွေကြေးထောက်ပံ့နိုင်စွမ်းကိုလည်းကောင်း၊ လက်နက်စက်ရုံများကို ပြန်လည်တည်ဆောက်နိုင်စွမ်းကိုလည်းကောင်း၊ ၎င်းတို့၏စစ်တပ်ကို ဖြည့်တင်းမှု စွမ်းရည်ကိုလည်းကောင်း ထပ်မံထိန်းချုပ်လိမ့်မည်ဟု ဖော်ပြခဲ့သည်။

ဖလော်ရီဒါ၌ အခြေစိုက်သည့် ယင်းအဖွဲ့တွင် အရပ်သားများနှင့်စစ်တပ်က လူများပါဝင်မည်ဟု ဆိုသည်။ ထိုအဖွဲ့သည် အမေရိကန်အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

အီရန်၏ကုန်းတွင်း နယ်စပ်များနှင့် ကက်စပီယန်ပင်လယ်တို့တွင် အဆင့်မြင့်လက်နက်စနစ်များကို သယ်ဆောင်မှု၊ နှစ်မျိုးသုံး နည်းပညာများသယ်ဆောင်မှု၊ ပိတ်ဆို့ထားသောပစ္စည်းများ သယ်ဆောင်မှု၊ တရားမဝင်ငွေကြေးစီးဆင်းမှုများကို တားဆီးခြင်းတို့နှင့်ပတ်သက်၍ ထိုလုပ်ငန်းတာဝန်အဖွဲ့က အစိုးရ ဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်လိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

ဝါရှင်တန်၏နောက်ဆုံး ကြိုးပမ်းအားထုတ်မှုများသည် ကျရှုံးလိမ့်မည်ဖြစ်ပြီး အစ္စလာမ်မစ်သမ္မတနိုင်ငံ၌ စီးပွားရေးပြိုလဲမှုကို ဖြစ်ထွန်းစေလိမ့်မည်မဟုတ်ဟု အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group