Eleven Media Group

■ တရုတ်နိုင်ငံမြောက်ပိုင်းတွင် အထပ်မြင့်လူနေအဆောက်အအုံ မီးလောင်မှုကြောင့် လူ ၁၄ ဦးသေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်၏မြို့တော် ထိုက်ယွမ်မြို့ရှိ အထပ်မြင့်လူနေအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၉ ရက်တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၈ ရက်ညပိုင်းက မြို့လယ်ရှိ လူသွားလူလာများသည့် အဓိကလမ်းမပေါ်ရှိ အဆောက်အအုံတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး လူ ၃၈ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရသည်။

အထပ် ၄၀ အမြင့်ရှိ အဆောက်အအုံပေါ်မှ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်ခဲ့ပြီး မီးသတ်သမားများက ကရိန်းများအသုံးပြုကာ အဆောက်အအုံအတွင်းပိုင်းမှ ပြန့်နှံ့လာသည့်မီးကို ၂ နာရီခန့်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိဆေးရုံ၌ ၂၅ ဦးက ဆက်လက်ကုသမှုခံယူနေရပြီး ၉ ဦးက ဒဏ်ရာပြင်းထန်ကြောင်း တရုတ်အစိုးရပိုင်မီဒီယာများက ဖော်ပြကြသည်။

မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ထိုက်ယွမ်မြို့သည် တရုတ်နိုင်ငံမြောက်ပိုင်းရှိ စက်မှုလုပ်ငန်းများ အဓိကတည်ရှိရာ ဒေသတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ဟောင်ကောင်၌ အထပ်မြင့်လူနေအဆောက်အအုံများ မီးလောင်ခဲ့ရာ လူ ၁၆၈ ဦးအထိ သေဆုံးခဲ့သည်။ ထို့နောက် တစ်လအကြာတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်ရှိ လူနေအဆောက်အအုံတစ်ခု မီးလောင်မှုတွင်လည်း ၁၂ ဦး သေဆုံးခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group