
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဖွင့်လှစ်ပြီး အခန်းများ အပ်နှံကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MYANMAR ART COMPANY LIMITED တို့မှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖွင့်ပွဲနှင့် အခန်းအပ်နှံခြင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ပေါင်းကူးလမ်းရှိ အဆိုပါဝင်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Myanmar Art Construction And Development Co.,Ltd ၏ Managing Director ဦးကျော်စွာဟိန်း နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Myanmar Art Construction And Development Co.,Ltd ၏ Managing Director ဦးကျော်စွာဟိန်း က စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့က အိမ်ရာစီမံကိန်းတွင် နေရာချထားမည့် အခန်းပိုင်းရှင်များအား နေထိုင်ခွင့်လက်မှတ်များနှင့် အခန်းသော့များကို ပေးအပ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင် နှင့် Myanmar Art Construction And Development Co.,Ltd ၏ Managing Director ဦးကျော်စွာဟိန်း တို့က Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက Grand Hlaing Thar Yar တန်ဖိုးသင့်အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။