Eleven Media Group

မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူများကို ဓားဖြင့်ခုတ်ကာ ဖုန်းနှင့် ဆိုင်ကယ်များလုယက်မှု ၁၄ မှုခန့် ကျုးလွန်ထားသူများအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူများကို ဓားဖြင့်ခုတ်ကာ ဖုန်းနှင့် ဆိုင်ကယ်များ လုယက်မှု ၁၄ မှုခန့် ကျုးလွန်ထားသည့်အဖွဲ့များကို နိုဝင်ဘာ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စစ်ဆေးမှုများအရ ဆိုင်ကယ်မောင်းနှင်လာသူများကို အုပ်စုဖွဲ့ဓားဖြင့်ခုတ်ကာ ဖုန်းနှင့်ဆိုင်ကယ် လုယက်မှု ကျူးလွန်သည့် အမှုပေါင်း ၁၄ မှုခန့်ရှိပြီး အမှုဖွင့်ထားသည်မှာ ခုနစ်မှုခန့်သာရှိကြောင်း သိရသည်။

အောက်တိုဘာလအတွင်းက အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် ရှမ်းကလေးကျွန်းလမ်းဆုံရှိ Denko ဆီဆိုင်အနီး စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းပေါ်သို့အရောက်တွင် ဆိုင်ကယ်သုံးစီးခန့်ဖြင့် အမည်မသိ အမျိုးသားခြောက်ဦးခန့်အဖွဲ့က ၎င်းတို့နှစ်ဦး လိုက်ပါစီးနင်းလာသော ဆိုင်ကယ်ကို ရပ်တန့်တားဆီး၍ အသင့်ပါလာသည့်ဓားဖြင့် ဝိုင်းဝန်းခုတ်ကာ ဆိုင်ကယ်နှင့် Redmi Note 13 ဖုန်းတစ်လုံးကို လုယက်ယူဆောင် ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်နှင့် ဖုန်းလုယက်ယူဆောင် သွားသူ အမည်မသိအမျိုးသား ခြောက်ဦးအား အမရပူရမြို့မရဲစခန်းတွင် (ပ) ၁၄၀/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၉၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းမှုများပြုလုပ်စဉ် မဟာအောင်မြေမြို့နယ်၊ ၆၃ လမ်းနှင့် ၄၃ လမ်း၊ မနော်ရမ္မံ ညဈေးအနီး လမ်းကြားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာ ၁၂၀ လမ်းနှင့် ၆၂ လမ်းအရောက်တွင် Scoopy ဆိုင်ကယ်တစ်စီးနှင့်အတူ ညီနိုင် (၂၃ နှစ်) နှင့် ကျော်ခိုင်လင်း (၁၈ နှစ်) တို့နှစ်ဦးကို ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ သန့်မင်းခန့်၊ အောင်မျိုးဦး၊ ဝေဖြိုးအောင်တို့ သုံးဦးနှင့်အတူ လုယက်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။

ထို့ကြောင့် ထပ်မံပြီး ၎င်းတို့သုံးဦးနှင့်အတူ လုယက်ယူဆောင်ရာမှရရှိသည့် ပစ္စည်းများကို လက်ခံဝယ်ယူသူ အေးအောင်ဝင်း (၃၅ နှစ်) ကို ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ပြီး အောက်တိုဘာလအတွင်းမှာပင် ကိုတိုးတက်ဦးနှင့် သူငယ်ချင်းနှစ်ဦးက HONDA CLICK-125 ဆိုင်ကယ်စီးနင်းလာစဉ် ၂၂ လမ်း၊ လမ်း ၆၀ နှင့် ၆၂ လမ်းကြားအရောက်တွင် အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့ဆိုင်ကယ်ကို ရပ်တန့်စေပြီး ကိုတိုးတက်ဦးအား ဓားရှည်ဖြင့်ခုတ်ပြီး ဆိုင်ကယ်ကိုယူဆောင်မောင်းနှင်သွားမှုကြောင့် ကိုတိုးတက်ဦးတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာနှစ်ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဝဲလက်ခုံပြတ်ရှဒဏ်ရာတစ်ချက် ရရှိသဖြင့် အောင်မြေသာစံမြို့နယ်၊ အမှတ် (၁) နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားချက်အရ ယင်းဖြစ်စဉ်မှာလည်း အထက်ပါငါးဦးက ကျုးလွန်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။

"ကိုးလပိုင်းနဲ့ ၁၀ လပိုင်းမှာ ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေက တရားခံတွေပါ။ ၁၀ လပိုင်းမှာဖြစ်တဲ့အမှုတွေက ပိုများပါတယ်။ ခု ၁၁ လပိုင်း ၄ ရက်နေ့မှာ ကျုးလွန်သူ ငါးဦးနဲ့ ပစ္စည်းလက်ခံသူအပါအဝင် စုစုပေါင်းခြောက်ဦး ဖမ်းဆီးရမိပါတယ်။ လတ်တလောစစ်ဆေးချက်အရ သူတို့ကျုးလွန်တာ ၁၄ မှုလောက်ရှိတယ်။ မန္တလေးမြို့ ပေါ်က ရဲစခန်းတွေမှာ အမှုဖွင့်ထားတာတော့ ခုနစ်မှုပဲရှိတယ်" ဟု ဖမ်းဆီးရမိသည့် အမှုကိစ္စနှင့်ပတ်သက်ပြီး မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group