Eleven Media Group

ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် ကျပ်သိန်း ၂၃၀ ကျော်ခန့်ခန့်တန်ဖိုးရှိ အာဖရိကငါးခူပုံး ၃၆၀ ကျော် ပဲခူးဘူတာတွင် ဖမ်းဆီး

ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်ရှိ ပဲခူးဘူတာတွင် ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် အာဖရိကငါးခူ ၃၉၇၁ ပိဿာခန့် (ကာလတန်ဖိုးကျပ် ၂၃၄ သိန်းကျော်) ငါးပုံး ၃၆၁ ပုံးကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၉ နာရီခန့်က ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသည့် အမှတ် (၈၁) အဆန် လူစီးရထားပေါ်တွင် တရားမဝင် ငါးခူများ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုနှင့် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ပဲခူးဘူတာ၌ စောင့်ဆိုင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း နံနက် ၉ နာရီ ၁၄ မိနစ်တွင် ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ် (၈၁) အဆန်ရထား၏ နောက်ဆုံးကုန်တင်တွဲအတွင်းမှ အာဖရိကငါးခူများ ထည့်ထားသည့် ၁၀ ဂါလံဝင် ပလတ်စတစ်ပုံး ၃၆၁ ပုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးများ၏ စုစုပေါင်းအလေးချိန်မှာ ၃၉၇၁ ပိဿာခန့်ရှိကာ ကာလတန်ဖိုး ကျပ် ၂၃၄၆၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ငါးများကို တရားမဝင် သယ်ဆောင်လာသူ မျိုးဇင် (၃၀ နှစ်)၊ သန်းကျော် (၃၁ နှစ်) နှင့် သန်းနိုင်စိုး (၁၉ နှစ်) တို့ သုံးဦးကို ငါးပုံး ၃၆၁ ပုံးနှင့်အတူ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group