Myanmar Digital News

အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၀

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပသည်။

 

ဦးစွာ ASEAN-PAC ၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၌ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် အာဆီယံဒေသတွင်း ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ဘုံကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ASEAN-PAC အစည်းအဝေးသို့ ပါဝင်တက်ရောက်၍ ဆွေးနွေး ပေးကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား နွေးထွေးစွာကြိုဆိုပါကြောင်း။

 

ယနေ့ကျင်းပသည့် အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများအတွက် အတွေ့အကြုံကောင်း များကို အပြန်အလှန် မျှဝေနိုင်ရန် အရေးကြီးသော အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်ဖြစ်သည့် “လူငယ်များ၏ ဖြောင့်မတ် တည်ကြည်မှုကို မြှင့်တင်၍ အဂတိကင်းစင်သော အနာဂတ်ကို တည်ဆောက်ကြပါစို့”ဆိုသည့် ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် မိမိတို့အားလုံးက ဆက်လက် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ ပါဝင်မှုသည် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံဒေသအတွင်း လူငယ်များ၏ ဖြောင့်မတ် တည်ကြည်မှုကို မြှင့်တင်ပြီး အဂတိလိုက်စားမှုကို လုံးဝ လက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ကို အတူတကွ ဖော်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ ယနေ့ အစည်းအဝေးမှ အကျိုးရှိသည့် ဆွေးနွေးမှုများ၊ အတွေ့အကြုံများနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ASEAN-PAC ၏ (၂၁)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၌ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ က ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌထံ ASEAN-PAC ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက် လာကြသူများကို ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည့်ကာလ အတွင်း ASEAN-PAC ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအို နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေ နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရ စုံစမ်းစစ်ဆေးရေးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ တိုင်ကြားစာများ စုံစမ်းစစ်ဆေးရေးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုတို့မှ တာဝန်ရှိသူများက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး ပထမနေ့ကို ရုပ်သိမ်းလိုက်သည်။

 

ညပိုင်းတွင် မြန်မာနိုင်ငံအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များကို ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News