Myanmar Digital News

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၀

 

သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက လျော်ကြေး၊ နစ်နာကြေး အတည်ပြုပေးရန် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် ကိစ္စရပ်များတွင် လယ်ယာမြေ များပေါ်၌ စိုက်ပျိုးခွင့်မရှိသော သီးနှံများပါဝင် လာမှုမရှိစေရေး စိစစ်ပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တွင် တာဝန်ယူထားကြသည့် ဌာနအလိုက် ဝန်ထမ်းများအား ထပ်ဆင့်လမ်းညွှန်ပေးကြရန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြရာတွင်လည်း  ရှင်းလင်း ပြောကြားပေးရန် လိုအပ်လျက်ရှိကြောင်း ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

 

ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ခွင့်ပြုရန် စိစစ်၍ ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်း (SOP) အရလည်းကောင်း ကိုက်ညီမှန်ကန်မှုရှိစေရန် စိစစ်အတည်ပြု ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့်လုပ်ငန်းများကို တင်ပြရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

 

ဒုတိယအကြိမ်ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News