Myanmar Digital News

(၇၇)ကြိမ်မြောက် အာဆီယံပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၀

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇၇)ကြိမ် မြောက် အာဆီယံပြတင်း တစ်ပေါက်စနစ် အကောင် အထည်ဖော်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး (77th Meeting of the Working Group on Technical Matters for the ASEAN Single Window – ASW-TWG)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Grand Amara ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်၊ အာဆီယံပြတင်း တစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့တီမောနှင့် ဆွေးနွေးဖက် နိုင်ငံများမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်အေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ Dr . Ramlah Binti Mukhtar တို့က အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက အာဆီယံဒေသတွင်း ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရန်အတွက် အာဆီယံ ပြတင်းတစ်ပေါက်စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ATIGA e-Form D၊ ASEAN Customs Declaration Document နှင့် e-Phyto Document လဲလှယ်မှု အခြေအနေများ၊ စနစ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ပညာရပ်ဆိုင်ရာ အခက်အခဲများ၊ မျိုးဆက်သစ် ASEAN Single Window 2.0 အဆင့်မြှင့်တင် အကောင်အထည် ဖော်ရန်ကိစ္စရပ်များ၊ အာဆီယံ ပြင်ပ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက် လဲလှယ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို နိုဝင်ဘာ ၁၃ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News