
စစ်တွေ နိုဝင်ဘာ ၁၀
စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံ၍ အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ရွှေစေတီဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံ၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ အေးချမ်းစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေးတို့ကိုလည်း စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများက လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အခြေခံစားသောက် ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ရွာကြီးမြောက် ရပ်ကွက် ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းနှင့် ဓညဝတီရပ်ကွက်ရှိ ဓမ္မာရာမဘုန်းတော်ကြီး ကျောင်းတို့သို့ သွားရောက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လူနေဆောင်များ၊ ထမင်းချက်ဆောင်များနှင့် သန့်စင်ခန်းများ ဆောက်လုပ်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)