Myanmar National Post

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်



ထားဝယ် ၊  အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအစီအစဉ် စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြသည်။အခမ်းအနားတွင် ဝန်ကြီးချုပ်က “ယနေ့အခမ်းအနားသည် တိုင်းဒေသကြီးတွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်း အခမ်းအနားဖြစ်ပြီး ယခုလုပ်ငန်းကို Phase (I)၊ Phase (II) ဖြင့် ခွဲခြားဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Phase (I) အနေဖြင့် (၂၀၂၆) ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ Phase (II) အနေဖြင့် (၂၀၂၆) ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်မှစတင်၍တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်အသီသီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာတစ်လွှားရှိကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၃၀) ကျော်ကို ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မြှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကာကွယ်ဆေးဆိုင်ရာမဟာမိတ်အဖွဲ့ (GAVI)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝက်သက်ရောဂါအပါအဝင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ ဖြစ်ပွားမှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပိုမိုအားဖြည့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင်ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့်လိုအပ်ချက်များအပေါ်မူတည်၍ တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိရန် အရေးကြီးကြောင်း၊ အဆိုပါကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းနှင့် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံရမည့် ကလေးများထံသို့ ကာကွယ်ဆေးထိုးနှံမည့်နေရာနှင့် အချိန်ဇယားများကို မှန်ကန်တိကျစွာ အသိပေးနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ အဓိက သတင်းစကားများကို ထိရောက်စွာဖြန့်ဝေနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသောကလေးများကို ရှာဖွေဖော်ထုတ်၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးနိုင်ရေးတို့အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။ဆက်လက်၍ ဝက်သက်၊ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးကြစို့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက “နိုင်ငံတကာ ရင်သွေးငယ်များ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်သန်းသန်းမူနှင့် ဒေါ်သန္တာဝင်းတို့က ဦးဆောင်၍ အသက် (၉) လမှ (၅၉) လအရွယ်ကလေးသူငယ် ၃၀ ဦးအား ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအတွက် မုန့်နှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post