Myanmar National Post

ရပ်စောက်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အစားအသောက်နှင့်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


ရပ်စောက်  ၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီချောင်းရေလျှံတက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများနှင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းကစ၍ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာသို့ ဗဟူးတပ်နယ်မှ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ဗိုလ်သင်တန်းကျောင်းအုပ်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများက မိုးလုံလေလုံ အားကစားခန်းမကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၄၇)စု၊ လူဦးရေ ၂၀၀ ဦး(ကျား ၁၀၁ ဦး၊ မ ၉၉ ဦး)၊ ဇော်ဂျီကွေ့ဓမ္မာရုံရှိ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၃၂) ဦး (ကျား ၁၅၊ မ ၁၇ဦး) ရေဘေးရှောင်စခန်း(၂)စခန်းရှိ အိမ်ထောင်စု (၆၀)၊ ကျား၁၁၆၊ မ ၁၁၆ စုစုပေါင်း ၂၃၂ ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗဟူးတပ်နယ်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီနှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်များက ရေဘေးသင့်ပြည်သူများအတွက် သောက်ရေသန့်ဗူးများ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ကြက်ဥများ၊ မုန့်များနှင့်အခြားစားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို လက်ဝယ်အရောက် စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့ (Health Team) က ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျပေးအပ်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးများကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post