Myanmar Digital News

တောင်တွင်းကြီးမြို့နယ် ခင်တဲအုပ်စု၊ ကျောင်းကုန်းကျေးရွာ ဥစားကြက်မွေးမြူရေးခြံမှ တစ်ရက်လျှင်လုံးရေ (၈၀၀၀)ထွက်ရှိ၊ တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့အား ဖြန့်ဖြူးတင်ပို့လျက်ရှိ

မကွေး နိုဝင်ဘာ ၁၁

တောင်တွင်းကြီးမြို့နယ် ခင်တဲအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ပိုင်ရှင် ဦးကျော်ဇင်ထွန်း၏ ဥစားကြက်မွေးမြူရေးခြံတွင် ဥစားကြက်ကောင်ရေ (၁၁၀၀၀) မွေးမြူထားပြီး ကာကွယ်ခြင်း၊ ကုသခြင်းအပိုင်းတို့အား စနစ်တကျဆောင်ရွက်၍ ကြက်ဥထုတ်လုပ်ရရှိမှုအနေဖြင့် တစ်ရက်လျှင်လုံးရေ (၈၀၀၀)ထွက်ရှိကြောင်း သိရသည်။

ကြက်ဥ တစ်ရက်ရောင်းရငွေ (၃၂)သိန်းရရှိပြီး တစ်ရက် အစာကုန်ကျစရိတ် (၂၇)သိန်း၊ အထွေထွေနှင့် လုပ်သားစရိတ် (၂ ဒသမ ၇)သိန်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် (၂၉ ဒသမ ၇)သိန်းဖြစ်ကြောင်း၊ တစ်ရက်အကျိုးအမြတ်ရရှိမှုမှာ (၂ ဒသမ ၃) သိန်းရရှိ၍ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့အား ဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဥစားကြက်မွေးမြူရေးခြံဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်တွင်းကြီးမြို့ စန်းသီရိဝါစက်နှင့် ဆီစက်လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းပိုင်ရှင် ဦးသိန်းထွန်းဦးက A အဆင့် ဝါဂွမ်း အရှည် ၃၆/၃၂ လက်မနှင့် အထက်၊ B အဆင့် ဝါဂွမ်းအရှည် ၃၄/၃၂ လက်မနှင့် အထက်၊ C အဆင့် ဝါဂွမ်းအရှည် ၃၄/၃၂ လက်မအောက် အဆင့်ခွဲခြားထားမှု အခြေအနေနှင့် ဝါစေ့မှ ဆီထုတ်ယူသည့် အခြေအနေတို့အား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါကြိတ်စက်ရုံ လည်ပတ်မှုအခြေအနေအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် မြို့သစ်မြို့နယ် ပုလင်းကြီးကျေးရွာအုပ်စု တောင်သူ ဦးဘိုထွန်း၏ အောင်နိုင်တိုး မိုးစပါးအထွက်တိုး စံပြစိုက်ခင်း (၅)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးကြရန် အထူးလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News