
#World_Health
Published 12 November 2026
■ အစားစားပြီးတိုင်း ဗိုက်ဖောင်းတာ၊ လေပွတာတွေ မကြာခဏဖြစ်နေတယ်ဆိုရင် အစားစားတဲ့အလေ့အကျင့်ကြောင့် ဖြစ်နိုင်သလို အစာခြေစနစ်ဆိုင်ရာ ရောဂါတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
■ ရက်သတ္တပတ်အတော်ကြာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ ပေါ့ဆမထားဘဲ ဆရာဝန်နဲ့ စစ်ဆေးသင့်တယ်လို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
■ အိန္ဒိယနိုင်ငံ ဒေလီမြို့ CK Birla ဆေးရုံ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဌာနမှ အထူးကုဆရာဝန် ဒေါက်တာ Vikas Jindal ရဲ့ အဆိုအရ အစားစားပြီးတိုင်း ဗိုက်ဖောင်းတာဟာ အစားကို အလျင်စလိုစားတာ၊ အချိုရည်အမြှုပ်ပါတဲ့ အဖျော်ယမကာတွေ သောက်တာက နေ့စဉ်အလေ့အကျင့်တွေကြောင့်ဖြစ်နိုင်ပါတယ်။
■ ဒါ့အပြင် အစားအစာအချို့နဲ့ မတည့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
■ ဘာကြောင့် အစားစားပြီးတိုင်း ဗိုက်ဖောင်းရတာလဲ။
■ အစားစားတဲ့အခါ အလျင်စလိုစားတာ၊ အစားကို သေချာမဝါးဘဲ မျိုချတာနဲ့ အချိုရည်အမြှုပ်ပါတဲ့ အဖျော်ယမကာတွေ သောက်တာတွေကြောင့် လေကို ပိုမျိုချမိပြီး ဗိုက်ထဲမှာ လေတွေစုလာနိုင်ပါတယ်။
■ ဒါ့အပြင် လေထစေတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ဝမ်းချုပ်ခြင်းတွေကလည်း ဗိုက်ဖောင်းစေနိုင်ပါတယ်။
■ တချို့သူတွေမှာတော့ အစားအစာနဲ့ မတည့်တာ၊ အူလမ်းကြောင်းမတည်ငြိမ်တဲ့ရောဂါ (IBS) နဲ့ အစာအိမ်အပေါ်ပိုင်း အစာမကြေခြင်း (Functional Dyspepsia) တို့ကြောင့် မကြာခဏ ဗိုက်ဖောင်းတတ်ပါတယ်။
■ အစားပမာဏ နည်းနည်းပဲစားရင်တောင် ဗိုက်ဖောင်းနေတယ်ဆိုရင်တော့ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိနိုင်ဖို့ ဆေးစစ်ဆေးမှု ခံယူသင့်ပါတယ်။
■ ပုံမှန်ဗိုက်ပြည့်တာနဲ့ ဗိုက်ဖောင်းတာ ဘာကွာလဲ။
■ အစားစားပြီး ဗိုက်ပြည့်သလို ခံစားရတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ အစာကြေညက်လာတာနဲ့အမျှ ဒီခံစားချက်က တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။
■ ဒါပေမဲ့ ဗိုက်ဖောင်းတာဆိုရင်တော့ အစားနည်းနည်းပဲ စားထားရင်တောင် ဝမ်းဗိုက်တစ်ခုလုံး တင်းကျပ်နေသလို၊ ဖောင်းကားနေသလို၊ မသက်မသာဖြစ်နေတတ်ပါတယ်။
■ ဒီလိုလက္ခဏာတွေ ရက်သတ္တပတ်အတော်ကြာ ဆက်ဖြစ်နေမယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာမယ်၊ ဒါမှမဟုတ် ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ အစားနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်သွားတာမျိုးတွေပါ တွဲဖြစ်လာမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်း အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။
■ ဒီလက္ခဏာတွေရှိရင် ပေါ့ဆမထားပါနဲ့
■ ဗိုက်ဖောင်းတာနဲ့အတူ အောက်ပါလက္ခဏာတွေပါ တွဲဖြစ်နေမယ်ဆိုရင် ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
■ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာကျလာခြင်း။
■ ဗိုက်နာတာ မကြာခဏဖြစ်ခြင်း၊ မပျောက်ဘဲ ဆက်တိုက်နာနေခြင်း။
■ မကြာခဏ အန်ခြင်း။
■ ဝမ်းထဲမှာ သွေးပါခြင်း။
■ ဝမ်းသွားတဲ့အလေ့အကျင့် ပုံမှန်မဟုတ်တော့ဘဲ သိသိသာသာ ပြောင်းလဲလာခြင်း။
■ အထူးသဖြင့် ဗိုက်အရမ်းနာပြီး ဗိုက်ဖောင်းလာတာ၊ အန်တာ၊ ဝမ်းနဲ့ လေလုံးဝမသွားနိုင်တာတွေ ဖြစ်လာရင်တော့ အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။
■ အစားစားပြီး ဗိုက်မဖောင်းအောင် ဘယ်လိုနေထိုင်စားသောက်သင့်လဲ။
■ ၁။ အစားကို ဖြည်းဖြည်းစားပါ။
အစားကို အလျင်စလို မစားဘဲ သေချာဝါးစားပါ။ ဒီလိုစားခြင်းက လေကို အလွန်အကျွံ မျိုချမိတာကို လျှော့ချပေးနိုင်ပါတယ်။
■ ၂။ အချိုရည်အမြှုပ်ပါတဲ့ အဖျော်ယမကာတွေ လျှော့သောက်ပါ။
ဆိုဒါ၊ အချိုရည်အမြှုပ်ပါတဲ့ အဖျော်ယမကာတွေက ဗိုက်ထဲမှာ လေများစေပြီး ဗိုက်ဖောင်းစေနိုင်ပါတယ်။
■ ၃။ တစ်ခါစားရင် အများကြီးမစားပါနဲ့။
တစ်ခါတည်း အများကြီးစားတာထက် အစားပမာဏကို လျှော့ပြီး ခွဲစားကြည့်ပါ။ တချို့သူတွေမှာ အစားများများစားတာက ဗိုက်ဖောင်းတာကို ပိုဆိုးစေနိုင်ပါတယ်။
■ ၄။ ရေလုံလောက်အောင် သောက်ပါ။
ရေလုံလောက်စွာ သောက်သုံးခြင်းက အထူးသဖြင့် ဝမ်းချုပ်တာကြောင့် ဗိုက်ဖောင်းနေသူတွေအတွက် အထောက်အကူပြုနိုင်ပါတယ်။
■ ၅။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
လမ်းလျှောက်တာလို ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ပေးခြင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။
■ ၆။ ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေကို မှတ်သားထားပါ။
ဘယ်အစားအစာစားပြီး ဘယ်လိုလက္ခဏာတွေ ဖြစ်တယ်ဆိုတာ နေ့စဉ်မှတ်တမ်းတင်ထားပါ။ အစားအစာအမျိုးအစား အများကြီးကို ကိုယ့်သဘောနဲ့ တစ်ပြိုင်နက် ဖြတ်တောက်တာမျိုး မလုပ်သင့်ပါဘူး။
■ နို့ထွက်ပစ္စည်း၊ ဂျုံနဲ့ အခြားအစားအစာအုပ်စုတွေကို မလိုအပ်ဘဲ ဖြတ်တောက်လိုက်ရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့လာနိုင်ပါတယ်။
■ အစားစားပြီးတိုင်း ဗိုက်ဖောင်းတာဟာ အစားစားတဲ့အလေ့အကျင့်ကြောင့်လည်း ဖြစ်နိုင်သလို အူလမ်းကြောင်းဆိုင်ရာ ရောဂါတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတိုင်းအတွက် အဆင်ပြေမယ့် အစားအသောက်ကုထုံးတစ်မျိုးတည်း မရှိတာကြောင့် ကိုယ့်အတွက်ဘယ်အရာတွေက ဗိုက်ဖောင်းစေတယ်ဆိုတာ သိရှိအောင်ကြိုးစားဖို့လိုပါတယ်။
■ အစားကို ဖြည်းဖြည်းစားတာ၊ အစားပမာဏလျှော့စားတာ၊ ရေလုံလောက်စွာသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာတွေက အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ ကြာရှည်နေမယ် ဒါမှမဟုတ် သတိထားရမယ့် လက္ခဏာတွေပါ တွဲဖြစ်လာမယ်ဆိုရင်တော့ ဆေးစစ်ဆေးမှုခံယူဖို့ မနှောင့်နှေးသင့်ပါဘူး။
Source-India Today