Yangon Media Group

ထရမ့်အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးမယ့် ဒီမိုကရက်တွေကို ရာဇဝတ်မှုမြောက်နိုင်တယ်လို့ အိမ်ဖြူတော်သတိပေး

#World_News
Published 12 November 2026

■ အိမ်ဖြူတော်က ထရမ့်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ်တွေကို အခုလို စုံစမ်းစစ်ဆေးတာတွေဟာ ရာဇဝတ်မှုမြောက်နိုင်ပြီး သူတို့ကိုယ်တိုင်လည်း ပြန်လည်စုံစမ်းစစ်ဆေးခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

■ ပြီးခဲ့တဲ့အပတ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အများစုနေရာတွေ ဆုံးရှုံးခဲ့ပြီးနောက် ဒီမိုကရက်တွေဟာ လာမယ့်ဇန်နဝါရီလကစပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

■ ဒါကြောင့် ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွင်း ဒီမိုကရက်တွေက ထရမ့်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ သမ္မတရဲ့ မိသားစုဝင်တွေ၊ အနီးကပ်အကြံပေးတွေနဲ့ အစိုးရအရာရှိတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

■ အိမ်ဖြူတော်ရှေ့နေချုပ် Will Scharf က အောက်လွှတ်တော် ကြီးကြပ်စစ်ဆေးရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်လာမယ့် ဒီမိုကရက်အမတ် Robert Garcia ဆီကို နိုဝင်ဘာ ၉ ရက်ကစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

■ အဲဒီစာထဲမှာ ဒီမိုကရက်လွှတ်တော်အမတ်တွေဟာ အစိုးရအရာရှိတွေကို ခြိမ်းခြောက်တာမျိုး၊ သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုကို အဟန့်အတားဖြစ်အောင် လုပ်တာမျိုးတွေ ပြုလုပ်လာနေတယ်လို့ စွပ်စွဲထားပါတယ်။

■ ဒါ့အပြင် အစိုးရအရာရှိတွေကို အလုပ်မလုပ်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်တာ၊ လက်ခံရရှိသူကို ကြောက်ရွံ့အောင် လုပ်တာတွေဟာ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

■ နိုင်ငံသားတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားတဲ့ အခွင့်အရေးတွေကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး တရားမဝင် ဆင့်ခေါ်စာတွေ ထုတ်ပြန်တာမျိုးဆိုရင်လည်း ပြန်လည်စုံစမ်းစစ်ဆေးဖို့ လိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

Source-Reuters

မူရင်းသတင်း — Yangon Media Group