




မြန်မာ့လက်ရွေးစင် ယူ၁၂ မှ စီနီယာလက်ရွေးစင်အထိ အသင်းများ အားလုံးအတွက် နည်းစနစ်နှင့် စီမံခန့်ခွဲမှု အစည်း အဝေးကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက နိုဗိုတယ်မက်စ် ရန်ကုန်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အမှုဆောင်များဖြစ်သည့် ဦးဝင်းသော်၊ ဒေါက်တာထက်ခိုင်ဝင်း၊ အမျိုးသမီး ဘောလုံး ကော်မတီဥက္ကဌ ဒေါ်ခင်စံပါယ်ကြည်၊ နည်းစနစ်အဖွဲ့ဝင်နည်းပြချုပ်များ၊ MFF နှင့် M-League တို့မှ အထွေထွေ အတွင်းရေးမှူး နှင့်အမှုဆောင် အရာရှိချုပ်တို့ ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ယူ၁၂ မှ ယူ၂၂ အထိ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၏ အားနည်းချက် များအား ပြန်လည်သုံးသပ်ခဲ့ကြသည်။ အကယ်ဒမီ ကစားသမား ရွေးချယ်မှုများ၊ ယူ၁၂ (ဂျပန်ဖိတ်ခေါ်)၊ ယူ၁၅ (ဖီဖာပြိုင်ပွဲ) စသည့်နိုင်ငံတကာ လူငယ်ပြိုင်ပွဲများအတွက် ကစားသမား ရွေးချယ်မှုများ မှန်ကန်စနစ်ကျမှုရှိရန်၊ လူငယ်ပြိုင်ပွဲများတွင် Scouting လုပ်ငန်းများ နည်းမှန်လမ်းမှန် ဆောင်ရွက်ရန်၊ သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ ဖွဲ့စည်းရာတွင်လည်း အသက်မှန်ကန်မှု၊ ဘောလုံးအခြေခံ ကောင်းမွန်မှုနှင့် ကာယ ဖွံ့ဖြိုးမှု စသည့်တို့ကိုဦးစားပေး၍ အဂတိကင်းရှင်းစွာ ရွေးချယ်ရန် အဖွဲ့ချုပ်ဥက္ကဋ္ဌက တိုက်တွန်းသည်။
အခြေခံဘောလုံး သင်ကြားမှုစနစ် မြှင်တင်ရေး
မြန်မာဘောလုံးအကယ်ဒမီ (၃)ခုတွင် အရည်အချင်းပြည့်ဝသော နည်းပြဆရာများကိုသာ ခန့်အပ်တာဝန်ပေးရန်နှင့် လိုအပ်သော နေရာများတွင် နိုင်ငံခြားသား ကျွမ်းကျင်နည်းပြများကို တာဝန်ပေးရန်၊ Regional Football Training Center များတွင် ပင်ကိုယ်ထူးချွန်သူများအား အခွင့်အလမ်းဖော်ထုတ်ပေးရန်၊ High Performance Training Center ဖြင့်လူငယ်ကစားသမားများ၏ အခြေခံ ဘောလုံးပညာ၊ နည်းစနစ်ဖွံဖြိုးမှု၊ ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်ရန်နှင့် Scouting လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
အာဟာရ ကျွမ်းကျင်ပညာရှင် Nutritionist ခန့်အပ်
ထို့အပြင် ကစားသမားများ လေ့ကျင့်ရေးကာလအတွင်း နေထိုင်စားသောက်မှုပုံစံ ပြုပြင်ပြောင်းလဲရန်အတွက် အာဟာရ ကျွမ်းကျင်ပညာရှင် Nutritionist ခန့်အပ်တာဝန်ပေး၍ ဆေးဘက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယူ-၁၂၊ ယူ၁၃၊ ယူ၁၄၊ ယူ၁၆ စသည့် လူငယ်သက်တမ်းအလိုက် အသင်းများအား ကာယဖွံ့ဖြိုးမှု တိုးတက်စေရေး၊ ကြံ့ခိုင်မှုကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန်လည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
အမျိုးသမီး ဘောလုံး ပိုမိုတိုးတက်ရေး
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်း ပိုမိုတိုးတက် အောင်မြင်ရေးအတွက် လက်ရှိ MFF Women’s Football Department အား အမျိုးသမီး ဘောလုံးကော်မတီမှ ဦးဆောင်၍ အသစ်ပြန်လည် ဖွဲ့စည်းကာ စနစ်တကျ ဆောင်ရွက်သွားရန်လည်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ ယူ၁၂၊ယူ၁၃ မှစ၍ လူငယ်အမျိုးသမီးအသင်းများ စနစ်တကျ ထားရှိလေ့ကျင့်ရေး၊ အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲများကျင်းပရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
၂၀၂၇ ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်
ယင်းနောက် လက်ရွေးစင်အသင်းများ အတွက် နည်းပြများ၊ မန်နေဂျာများ လူမှန်နေရာမှန် ခန့်အပ်တာဝန်ပေးရန်၊ ၂၀၂၇ ဆီးဂိမ်းစ်အပါအဝင် နိုင်ငံတကာပြိုင်ပွဲများ အတွက် မျိုးဆက်သစ်များ ရှာဖွေရွေးချယ်ထားရန်၊ ခြေစမ်းပွဲများနှင့် ပြိုင်ပွဲအသီးသီးအတွက် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ထားရန်၊ လေ့ကျင့်ရေးကွင်း လိုအပ်ချက်များ အတွက် ဝိုင်းဝန်း အဖြေရှာရန်တို့ကိုလည်း တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။
ဘတ်ဂျက်နှင့် ကွင်းလိုအပ်ချက်များ ဖြည့်ဆည်း
အထက်ပါ လူငယ်စီမံကိန်းများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ဘောလုံးဖွံဖြိုးရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘက်ဂျတ်များ စနစ်တကျ ပြုစု၍ ဘဏ္ဏာရေး ကော်မတီထံ တင်ပြကာ စိစစ်ခွင့်ပြုနိုင်ရန်၊ လေ့ကျင့်ရေးကွင်း လိုအပ်ချက်များနှင့် ပြိုင်ပွဲကျင်းပရေး လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် ၂၀၂၇ မှ ၂၀၂၉ အထိ နိုင်ငံတကာ ဘောလုံးပြက္ခဒိန် အတိုင်း ပြိုင်ပွဲများ စီစဉ်ထားရှိမှု ကိုလည်းကောင်း တာဝန်ရှိသူများက အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။
#News #Myanmar