Eleven Media Group

■ အွန်လိုင်းဈေးဝယ်ယူမှုတွင် လိမ်လည်ခံရပြီး ဆိုင်မရှိပါက တိုင်ကြားမှုကို ဖြေရှင်းပေးရန် ခက်ခဲကြောင်း စားသုံးသူရေးရာဦးစီးဌာန အသိပေး

အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းဝယ်ယူရာတွင် လိမ်လည်ခံရပြီး ရောင်းချသည့်ဆိုင်မရှိပါက စားသုံးသူတိုင်ကြားမှုကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၆ ခုနှစ်အတွင်း ရောက်ရှိလာသည့် တိုင်ကြားစာအခြေအနေ ရှင်းလင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း တိုင်ကြားမှု ၄၆၂ ခုကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံရရှိခဲ့ပြီး ယင်းအနက် ၄၂၆ ခုကို ဖြေရှင်းပြီးစီးခဲ့ကြောင်း သိရသည်။

တိုင်ကြားမှုများတွင် ကုန်စည်နှင့်ပတ်သက်သည့် တိုင်ကြားမှု ၄၄ ခု၊ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှု ၄၁၈ ခု ပါဝင်ပြီး ဖြေရှင်းရန်ကျန်ရှိသည့် တိုင်ကြားမှု ၃၆ ခုကို ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်ကြားမှုလက်ခံရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးက ၃၀၂ ခုဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ၆၄ ခုဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

တိုင်ကြားမှုအမျိုးအစားအုပ်စုအလိုက်တွင် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှု ၇၇ ခုရှိပြီး တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းဝယ်ယူရာတွင် လိမ်လည်မှုဖြစ်ပွားပြီး ရောင်းချသည့်ဆိုင်မရှိပါက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ကုန်ပစ္စည်းရောင်းချသူများအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချခြင်းမပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။

ထို့ပြင် စားသုံးသူများအနေဖြင့်လည်း အွန်လိုင်းမှ ကုန်ပစ္စည်းဝယ်ယူရာတွင် သတိပြုဝယ်ယူကြရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးအသီးသီးက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်ဝင်းချစ်(တောင်ငူ)

မူရင်းသတင်း — Eleven Media Group