
ကွန်ဂိုနိုင်ငံအရှေ့ပိုင်း မြောက်ကီဗူးပြည်နယ်၊ ဝါလီကာလီမြို့ရှိ စစ်ဘက်တရားရုံးက စစ်သား ၆၆ ဦးကို သူရဲဘောကြောင်မှု၊ အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ လက်နက်ခဲယမ်းများကို အလဟဿအသုံးပြုမှုတို့ဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါစစ်သားများသည် ၁၂ ရက်ကြာ တရားရင်ဆိုင်ခဲ့ရပြီး စစ်သားလေးဦးကို အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ လွှတ်ပေးလိုက်သည်။ နောက်တစ်ဦးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ ကွန်ဂိုစစ်ဘက်အာဏာပိုင်များက ယခုကဲ့သို့ အပြစ်ပေးခြင်းသည် စစ်တပ်တွင်းစည်းကမ်းပိုင်းကို ပိုမိုတင်းကျပ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။
သေဒဏ်ချမှတ်ခံရသည့် စစ်သားများကို အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး FRN သူပုန်အဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်မြေပြင်မှ ထွက်ပြေးခဲ့သူများအဖြစ် စွပ်စွဲထားသည်။
ကွန်ဂိုစစ်တပ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံအရှေ့ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့များနှင့် ဆယ်စုနှစ်များစွာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုဒေသသည် M23 သူပုန်အဖွဲ့နှင့် FRN သူပုန်အဖွဲ့တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာနေရာဖြစ်သည်။
အောက်တိုဘာအစောပိုင်းကလည်း ကွန်ဂိုအစိုးရတပ်ဖွဲ့ဝင် ၂၇ ဦး သူရဲဘောကြောင်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသေးသည်။ ကွန်ဂိုတွင် နိုင်ငံတော်သစ္စာဖောက်မှုကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ် ၊ မတ်တွင် သေဒဏ်ပေးခြင်းကို ပြန်လည်အသက်သွင်းခဲ့သည်ဟု အမ်နက်စတီလူ့အခွင့်အရေးအဖွဲ့က ပြောသည်။
ကုလသမဂ္ဂ၊ အနောက်နိုင်ငံအစိုးရများနှင့် ကွန်ဂိုအစိုးရတို့က အိမ်နီးချင်း ရဝမ်ဒါနိုင်ငံသည် M23 သူပုန်အဖွဲ့ကို ထောက်ပံ့ပေးနေသည်ဟု ကာလရှည်ကြာ စွပ်စွဲထားသည်။ ထိုသို့ထောက်ပံ့ခြင်းသည် ကွန်ဂိုနိုင်ငံ၏ ကျယ်ပြန့်ပြီး သတ္တုသယံဇာတ ပေါကြွယ်ဝသည့် အရှေ့ပိုင်းဒေသကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဟု စွပ်စွဲထားသည်။ ၂၀၂၅ ခုနှစ်အစပိုင်းမှ ယခုအထိ ကွန်ဂိုစစ်သား စုစုပေါင်း ၃၈၁ ဦးကို သေဒဏ်ချမှတ်ထားပြီးဖြစ်ကြောင်း ပြင်သစ်မီဒီယာ RFI ၏ စာရင်းပြုစုချက်အရ သိရသည်။
Ref: CBS News
Getty Images