
ဒီအာကွန်ဂို သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အီဘိုလာရောဂါကူးစက်မှုတွင် အတည်ပြုလူနာပေါင်း ၁၁၀၀၀ ကျော်အထိ ရှိလာကြောင်း အစိုးရ၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများကလည်း ရောဂါတုံ့ပြန်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။
ဒီအာကွန်ဂို သမိုင်းတွင် ၁၇ ကြိမ်မြောက် ဖြစ်ပွားသည့် အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှုကို ပြီးခဲ့သည့် မေလက တရားဝင် ကြေညာခဲ့ခြင်းဖြစ်သော်လည်း ယင်းမတိုင်မီ ရက်သတ္တပတ်များ သို့မဟုတ် လပေါင်းများစွာ အစောပိုင်းကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။
ဒီအာကွန်ဂို အမျိုးသား ပြည်သူ့ကျန်းမာရေး ဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း လူပေါင်း ၁၁၀၄၂ ဦး ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၅၃၈၇ ဦး ရှိပြီ ဖြစ်သည်။
ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ပြီး ပြင်းထန်သော သွေးယိုစီးမှု အဖျားရောဂါကို ဖြစ်စေသည့် အဆိုပါ အီဘိုလာရောဂါမှ ပြန်လည်သက်သာ ပျောက်ကင်းလာသူ ၂၉၉၀ ဦးခန့် ရှိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အာဖရိကတိုက်တွင် အီဘိုလာရောဂါကြောင့် လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
ယခင်က ဒီအာကွန်ဂိုနိုင်ငံတွင် မှတ်တမ်းတင်ခဲ့ဖူးသည့် အဆိုးရွားဆုံး အီဘိုလာကူးစက်ဖြစ်ပွားမှုမှာ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူးစက်ခံရသူ ၃၅၀၀ အနက် လူပေါင်း ၂၃၀၀ နီးပါး သေဆုံးခဲ့သည်။
နောက်ဆုံးဖြစ်ပွားနေသည့် ရောဂါကူးစက်မှုသည် အရှေ့မြောက်ပိုင်းရှိ အီတူရီပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် အခြားပြည်နယ် ခုနစ်ခုသို့ ပျံ့နှံ့သွားခဲ့ရာ၊ ကူးစက်ခံရသူ အများစုမှာ အီတူရီနှင့် မြောက်ကီဗူးပြည်နယ်တို့တွင် အဓိက ဖြစ်ပွားလျက်ရှိသည်။
ယူဂန်ဒါ၊ ကင်ညာနှင့် နိုင်ဂျီးရီးယား နိုင်ငံတို့တွင်လည်း ရောဂါကူးစက်ခံရသူများကို တွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပွားနေသည့် ရောဂါကူးစက်မှု၏ အဓိကတရားခံဖြစ်သော Bundibugyo အီဘိုလာမျိုးစိတ်အတွက်မူ လက်ရှိအချိန်အထိ အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးပေ။
ပိုမိုအဖြစ်များသည့် ဇိုင်ယာ အီဘိုလာ မျိုးကွဲအတွက် အသုံးပြုရန် အတည်ပြုထားသော Ervebo ကာကွယ်ဆေးသည် Bundibugyo မျိုးစိတ်ကိုပါ အကာအကွယ်ပေးနိုင်စွမ်း ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ဒီအာကွန်ဂိုတွင် လူသားများဖြင့် စမ်းသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။
ဒီအာကွန်ဂိုနိုင်ငံ အရှေ့ပိုင်းဒေသ၏ လုံခြုံရေးအခြေအနေသည်လည်း ယခုကျန်းမာရေး အကျပ်အတည်းကို တိုက်ဖျက်ရာတွင် နောက်ထပ် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
အီတူရီပြည်နယ်သည် တည်ငြိမ်မှု အကင်းမဲ့ဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး လက်နက်ကိုင် အုပ်စုများအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
အီတူရီပြည်နယ် လိုလ်ဝါဒေသရှိ အီဘိုလာ လူနာများအား ကုသပေးနေသော ကျန်းမာရေးစင်တာ တစ်ခုကို နိုဝင်ဘာ ၈ ရက်တွင် လူငယ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ထိုနေ့တစ်ရက်တည်းမှာပင် ဒေသခံ ပြည်သူ့စစ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖာတာကီဒေသအတွင်းရှိ ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ယာယီ ရပ်ဆိုင်းထားခဲ့ရသည်။
အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်နေသည့် မဟာမိတ် ဒီမိုကရက်တစ် တပ်ဖွဲ့များ (ADF) မှ သူပုန်များသည် မကြာသေးမီ ရက်ပိုင်းအတွင်း အီတူရီ၊ ဟော့အူလီနှင့် မြောက်ကီဗူးပြည်နယ်တို့ရှိ နေရာအများအပြားတွင် လူသေဆုံးမှု များပြားသည့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံနှင့် လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Ref:AFP