Eleven Media Group

ဂျာမနီစစ်တပ်က တရုတ်လုပ်ဒရုန်းများကို သုံးစွဲခွင့်ပိတ်ပင်လိုက်ပြီး ဥရောပထုတ် ဒရုန်းများဖြင့် အစားထိုးမည်

​ဒေတာနှင့် သတင်းအချက်အလက် လုံခြုံရေး (IT Security) ကို အကြောင်းပြ၍ ဂျာမနီစစ်တပ်သည် လေ့ကျင့်ရေးအပါအဝင် တရုတ်နိုင်ငံထုတ် ဒရုန်းများကို အသုံးပြုခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ပြီး ဥရောပထုတ် မော်ဒယ်များဖြင့် အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

​တရုတ်လုပ်ဒရုန်းများသည် စစ်ရေးလေ့ကျင့်မှုများ၊ လေ့ကျင့်ရေးကွင်းများနှင့် လက်နက်စနစ်များဆိုင်ရာ အချက်အလက်များကို တရုတ်ထောက်လှမ်းရေးဌာနများထံ ပေးပို့နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Der Spiegel သတင်းမဂ္ဂဇင်းက ပထမဆုံး ဖော်ပြခဲ့သည်။

​တပ်မတော် (Bundeswehr) အနေဖြင့် ယခင်က စစ်ရေးလေ့ကျင့်မှုများအတွက် "ဈေးနှုန်းချိုသာပြီး ဈေးကွက်ဝယ်ယူရလွယ်ကူသည့် ဒရုန်းများကို ဗျူရိုကရေစီယန္တရား လုပ်ထုံးလုပ်နည်း အနည်းငယ်သာသုံး၍" ဝယ်ယူသုံးစွဲခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

​"ဂျာမနီစစ်တပ် (Bundeswehr) ၏ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းနှင့် နည်းပညာပိုင်းဆိုင်ရာ အချုပ်အခြာအာဏာကို ပိုမိုခိုင်မာအားကောင်းစေရန်အတွက် တရုတ်လုပ် မော်ဒယ်များကို ပစ်မှတ်ရှာဖွေရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များတွင် လုံးဝဆက်လက်အသုံးပြုတော့မည် မဟုတ်ပါ" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group