Eleven Media Group

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ထိုင်းသံအမတ်တို့ တွေ့ဆုံခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများနှင့် ငွေကြေးဆိုင်ရာကိစ္စ အချက်သုံးချက်ကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံး ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ထိုင်းသံအမတ်တို့ တွေ့ဆုံခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများနှင့် ငွေကြေးဆိုင်ရာကိစ္စအချက်သုံးချက်ကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကသတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ သော်ဆာရလမ် (Mr. Tor Saralamba) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar: CBM)ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးအား သွားရောက်တွေ့ဆုံ၍ မိတ်ဆက်ဂါရဝပြုခဲ့ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိထိုင်းပုဂ္ဂလိကလုပ်ငန်းများနှင့် ထိုင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုင်းသံအမတ်ကြီးက နိုင်ငံခြားငွေကြေး စီးဆင်းလည်ပတ်မှု အဆင်ပြေစေမည့် ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရေးကို အားပေးထောက်ခံခဲ့ပြီး အဓိကအားဖြင့် အချက်လေးချက်ကို ဆွေးနွေးခဲ့ကြောင်း၊ ယင်းအချက်များမှာ မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကလုပ်ငန်းများ၏ ဝင်ငွေများကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေး အားပေးဆောင်ရွက်ရန်၊ ထိုင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်ခွင့် ကန့်သတ်ပမာဏ တိုးမြှင့်ပေးခြင်းနှင့် မတည်ရင်းနှီးငွေများ ထုတ်ယူခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများက မြန်မာနိုင်ငံသို့ လုပ်ခလစာနှင့် ဝင်ငွေများ ပြန်လည်လွှဲပြောင်းရာတွင် ထိုင်းဘဏ်များ၏ မိုဘိုင်းအက်ပလီကေးရှင်းများမှတစ်ဆင့်လွှဲပြောင်းမှုများကို ပိုမိုအသုံးပြုလာစေရန် ဆွဲဆောင်နိုင်မည့်သင့်လျော်သော ငွေလဲလှယ်နှုန်းထားတစ်ရပ် သတ်မှတ်ပေးရေးကို အားပေးတိုက်တွန်းရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းသည့် ငွေကြေးများသည် နောင်တွင် ပြန်လည်လည်ပတ်ကာ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းဘဏ်များ၏ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး မြန်မာနှင့် ထိုင်းပုဂ္ဂလိကလုပ်ငန်းများအား ချေးငွေပိုမိုထုတ်ချေးနိုင်မည်ဖြစ်ကြောင်း ထိုင်းသံအမတ်ကြီးက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ထိုင်းသံအမတ်ကြီးက ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား နီးကပ်သည့် ဆက်ဆံရေး အထူးသဖြင့် လက်ရှိကာလတွင် ထိရောက်မှုရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏အရေးပါမှုကို အလေးထားပြောကြားခဲ့ကြောင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍအနေဖြင့် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းကာ နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်သွားရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group