
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တရားမဝင် ရွှေတူးဖော်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုအတွင်း သေနတ်သမားများက ရဲတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့သဖြင့် ရဲအရာရှိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်သွေးကြွ ၁၈ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်ထန်ခါဝါပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့ဝင်များသည် ကိုဟတ်ခရိုင် ဂမ်ဘတ်ဒေသရှိ သတ္တုတွင်းတစ်ခုမှ ပြန်လာစဉ် စစ်သွေးကြွများက ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် စစ်သွေးကြွ ၁၈ ဦး သေဆုံးခဲ့သည့်အပြင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများ ဖြစ်ပွားပြီးနောက်တွင် ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) က ဂမ်ဘတ်ဒေသရှိ ရဲတပ်ဖွဲ့ယာဉ်တန်းအား တိုက်ခိုက်မှု အပါအဝင် နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အများအပြားမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Ref: AFP