
မြန်မာနိုင်ငံတွင် အငယ်စား နျူကလီးယားဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ရန် ရွေးချယ်ထားပြီး ဓာတ်အားပေးစက်ရုံတည်နေရာ ရွေးချယ်ရန် ရုရှားနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Corporation - ROSATOM) နှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၏ လျှပ်စစ်မီးအား ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ရေတို၊ ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြန်လည်ဖြေကြားစဉ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
၂၄ နာရီပတ်လုံး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အားသာချက်များရှိသည့်အတွက် အငယ်စားနျူကလီးယားဓာတ် အားပေးစက်ရုံ (Small Modular Reactor- SMR) တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေပြီး အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency - IAEA) ၏ လမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အချိန်ယူပြင်ဆင်ဆောင်ရွက်ပြီး စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
IAEA ၏ သတ်မှတ်ချက်များအရ စီမံကိန်းအကောင်အထည်ဖော်ရာတွင် အဆင့်သုံးဆင့်ဖြင့် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး ပထမအဆင့်လုပ်ငန်းများဖြစ်သည့် အကြိုလေ့လာဆန်းစစ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံချက်အစီရင်ခံစာများ ရေးဆွဲခြင်းကို တစ်နှစ်မှ သုံးနှစ်အထိ၊ ဒုတိယအဆင့်လုပ်ငန်းများဖြစ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ထိန်းကျောင်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ စက်ရုံတည်နေရာအတွက် Survey တိုင်းတာဆောင်ရွက်ခြင်းနှင့် စာချုပ်စာတမ်းပြုစုခြင်းများကို သုံးနှစ်မှ ခုနစ်နှစ်ခန့်အထိ၊ တတိယအဆင့်လုပ်ငန်းများဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုခြင်း၊ အသေးစိတ်ဒီဇိုင်း ရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းများကို ခုနစ်နှစ်မှ ၁၀ နှစ်အထိ အချိန်ယူ ဆောင်ရွက်ရလေ့ရှိကြောင်း၊ အဆင့်တိုင်း၌ IAEA ၏ Review Team ၏ စစ်ဆေးအတည်ပြုချက်များကို ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
လက်ရှိတွင် စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Corporation - ROSATOM) ဖြင့် ဆောင်ရွက်ပြီးဖြစ်၍ ပထမအဆင့် အငယ်စားနျူကလီးယားဓာတ်အားပေးစက်ရုံ (Small Modular Reactor - SMR) ၅၅ မဂ္ဂါဝပ် နှစ်လုံး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ်ကို တည်ဆောက်ရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ဓာတ်အားပေးစက်ရုံတည်နေရာ ရွေးချယ်နိုင်ရေး Engeering Servey လုပ်ငန်းများကို IAEA ၏ Guideline များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ROSATOM နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်နိုင်မည်ဆိုပါက ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်မတိုင်မီခင် တည်ဆောက်ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်းလည်း ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။
လျှပ်စစ်ဓာတ်အားထုတ်ယူမှု ရေတို၊ ရေရှည် စီမံကိန်းများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး နျူကလီးယားနည်းပညာဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ နျူကလီးယားစွမ်းအင်ကို အသုံးပြုရာတွင် ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် ထိန်းကျောင်းကြပ်မတ်မှု (Regulatory) ပိုင်းများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။