Eleven Media Group

KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် ခြောက်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

KIA ၊ KPDF နှင့် PDF အဖွဲ့ဝင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းခြောက်ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် KIA ၊ KPDF နှင့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို နိုဝင်ဘာ ၁၁ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-79 LL ၄၀ မမ ဆုံလည်သေနတ်တစ်လက်၊ K-25 သေနတ် နှစ်လက်၊ KA သေနတ် တစ်လက်၊ ၄၀ မမ ဗုံးသီး အလုံး ၂၀ ၊ လက်ပစ်ဗုံး တစ်လုံး၊ ၇ ဒသမ ၆၂ ကျည်အတောင့် ၂၇၀ ၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်ကာအင်္ကျီတစ်ထည်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား M-79 LL ၄၀ မမ ဆုံလည်သေနတ်တစ်လက်အတွက် ငွေကျပ် ၇၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ်သုံးလက်အတွက် ငွေကျပ်သိန်း ၁၅၀၊ ၄၀ မမ ဗုံးသီးအလုံး ၂၀ အတွက် ငွေကျပ်သိန်း ၆၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ငွေကျပ်သုံးသိန်း၊ ကျည်ကာအင်္ကျီတစ်ထည်အတွက် ငွေကျပ် နှစ်သိန်း၊ အလင်းဝင်ရောက်လာသူများ ခြောက်ဦးအတွက် ငွေကျပ် သိန်း ၉၀ တို့ကို ပေးအပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသဖြင့် ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group