
ကနေဒါနိုင်ငံ British Columbia ပြည်နယ်တွင် သားအမိနှစ်ဦးကို သေဆုံးစေခဲ့သည့် ဝက်ဝံတိုက်ခိုက်မှုနှင့်ဆက်နွယ်ပြီး ဝက်ဝံ ၄ ကောင်ကို သုတ်သင်လိုက်ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။
အသက် ၄၈ နှစ်အရွယ် ဂျနီဖာ ဘားကဲရက်စ်နှင့် အသက် ၂၀ အရွယ် သမီးဖြစ်သူ ဆယ်လာရိဒ်တို့ နိုဝင်ဘာအစောပိုင်းက တောလမ်းတစ်ခုတွင် နေ့လယ်ပိုင်း လမ်းလျှောက်ထွက်သွားပြီးနောက် ဝက်ဝံအုပ်နှင့်တွေ့ကာ သေဆုံးခဲ့သည်။
စုံစမ်းစစ်ဆေးမှုမှ ရရှိသည့်အထောက်အထားများနှင့် ဝက်ဝံများထံမှ ရရှိသည့် DNA ကို စစ်ဆေးရာ ဝက်ဝံမတစ်ကောင်နှင့် ၎င်း၏သားပေါက် ၃ ကောင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် ပြည်နယ်အတွင်း လူနှင့်တောရိုင်းတိရစ္ဆာန် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းသည့် လမ်းညွှန်ချက်များနှင့်အညီ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ဝက်ဝံ ၄ ကောင်စလုံးကို သုတ်သင်လိုက်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခက်ခဲသည့် မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုအခြေအနေများကြား အရာရှိတစ်ဒါဇင်ကျော်က ပြီးခဲ့သည့်သီတင်းပတ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရသည်။ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာကဖြစ်ပွားခဲ့သည့် ဝက်ဝံတိုက်ခိုက်မှု တစ်ခုတွင်လည်း လူ ၁၁ ဦး ဒဏ်ရာရခဲ့သည်။ သို့သော် ထိုဝက်ဝံကို ရှာမတွေ့ခဲ့ကြပေ။
Ref: BBC
#elevennews #ကနေဒါ #ဝက်ဝံတိုက်ခိုက် #သားအမိနှစ်ဦး သေဆုံး # ဝက်ဝံလေးကောင်ကိုသုတ်သင်