Eleven Media Group

ပညာရေးအဆင့်အတန်းမြင့်မားရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားအဆင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပညာရေးအဆင့်အတန်းမြင့်မားရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ရေးချယ်စရာမ ဟုတ်ဘဲ မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားအဆင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ် နှံမှုဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးအောင်ကျော်မင်းက ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက နိုင်ငံတော်မှ ခွဲဝေပေးသည့် ပညာရေးရန်ပုံငွေများကို လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး ကဏ္ဍ၌ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း မေးခွန်း မေးမြန်းစဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

မြင့်မားသော ပညာရေးစနစ်သည် ခေတ်မီနည်းပညာနှင့် ကျွမ်းကျင်မှုရှိသော အလုပ်သမားထုကို မွေးထုတ်ပေးနိုင်သဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍကို မြင့်မားစေကြောင်း၊ အဆင့်မြင့်ပညာရေးသည် သုတေ သနနှင့် တီထွင်ဆန်းသစ်မှုများကို အားပေးသ ဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ထွက်လာစေကြောင်း ၎င်းက ဆိုသည်။

လူတစ်ဦးချင်းစီ၏ ပညာရည်မြင့်မားလာခြင်းသည် ပိုမိုကောင်းမွန်သော အလုပ်အကိုင်နှင့် မြင့်မားသောဝင်ငွေကိုရရှိစေသဖြင့် ဆင်းရဲနွမ်းပါးမှုသံသရာမှ ရုန်းထွက်နိုင်ရန် အကောင်းဆုံးသော ကိရိယာဖြစ်ကြောင်း၊ လူတန်းစားမရွေး တန်းတူညီမျှသော ပညာရေးအခွင့်အလမ်းရရှိပါက ချမ်းသာ၊ ဆင်းရဲ ကွာဟချက်ကို ကျဉ်းမြောင်းစေနိုင်ကြောင်း ၎င်းက ဆိုသည်။

ပညာတတ်သူများပြားသော လူ့အဖွဲ့အစည်းသည် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာကြကြောင်း၊ ပညာရေးက ဝေဖန်ပိုင်း ခြားနိုင်စွမ်းကြောင့် အုပ်ချုပ်သူများ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့် သုံးသပ်နားလည်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်၍ အဂတိလိုက်စားမှုများလည်း လျော့နည်းလာ နိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပညာရေးအဆင့်အတန်း မြင့်မားရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားအဆင့်မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းမေးခွန်းအပေါ် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍအတွက် ရလဒ်အခြေပြုစနစ်ဖြင့် ဦးစီးဌာနအလိုက် အဆင့်လိုက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြောကြားသည်။

သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံများ ပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးကဏ္ဍများအတွက် ဘဏ္ဍာငွေများကို မဖြစ်မနေခွဲဝေသုံးစွဲ နေရကြောင်းနှင့် ရှေ့လာမည့် ဘဏ္ဍာရေးနှစ်များတွင် လူ့စွမ်းအားအရင်းအမြစ်တိုးတက် ရေးကဏ္ဍများအတွက် အကျိုးရှိ အထိရောက် ဆုံးဖြစ်စေရန် အဆင့်လိုက်တိုးမြှင့်သုံးစွဲနိုင်ရေး၊ သက်ဆိုင်ရာကဏ္ဍအလိုက် ယခုထက် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆက်လက်စိ စစ်အကောင်အထည်ဖော် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group